ရက်ရှ်ဖို့ဒ်က ကမ္ဘာ့ထိပ်တန်းအဆင့်တိုက်စစ်မှူးမဟုတ်ဘူးလို့ ပြောလိုက်တဲ့ ဆာဟာ

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ ကမ္ဘာ့ထိပ်တန်းအဆင့် တိုက်စစ်မှူးမဟုတ်သေးဘဲ အဲဒီလိုဖြစ်လာဖို့အတွက် ကွဲပြားခြားနားတဲ့ကစားသမားမျိုးဖြစ်လာဖို့ လိုအပ်တယ်လို့ ယူနိုက်တက်တိုက်စစ်မှူးဟောင်း လူးဝစ္စဆာဟာက ပြောကြားခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ်တိုက်စစ်မှူးဟာ ယခုရာသီ ၁၈ ပွဲ ပါဝင်ကစားပေးထားရာမှာ ၁၀ ဂိုး သွင်းယူပေးထားတဲ့ကစားသမားဖြစ်ပါတယ်။ ဒါပေမယ့် ဆာလာက အင်္ဂလန်တိုက်စစ်မှူးရဲ့အခြားစွမ်းရည်တွေအားလုံးကို ချီးကျူးခဲ့ပေမယ့်လည်း ရက်ရှ်ဖို့ဒ်အနေနဲ့ ၎င်းရဲ့ဂိုးသွင်းစွမ်းရည်ကို အမြင့်မားဆုံးဖြစ်လာစေဖို့အတွက် ပိုပြီးကြမ်းတဲ့တိုက်စစ်မှူးဖြစ်လာဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“မားကပ်စ်ရက်ရှ်ဖို့ဒ်က ကမ္ဘာ့အဆင့်ရှေ့တန်းကစားသမားဖြစ်ပေမယ့် ကမ္ဘာ့အဆင့်တိုက်စစ်မှူးတော့ မဖြစ်သေးပါဘူး”

“ခင်ဗျား ကမ္ဘာတလွှားကို ကြည့်လိုက်တဲ့အခါမှာ မန်ချက်စတာယူနိုက်တက်လို အသင်းကြီးမှာ ကစားနေတဲ့ ကစားသမားများများစားစားမရှိတာကို တွေ့ရမှာဖြစ်ပြီး နိုင်ငံအသင်းနဲ့အတူ ကြီးမားတဲ့အဆင့်မှာ စွမ်းဆောင်နိုင်တဲ့သူလည်း သိပ်မရှိတာကို တွေ့မှာပါ”

“ဒါပေမယ့် ရက်ရှ်ဖို့ဒ်က သူ့ဆီကနေ ခင်ဗျားလိုချင်တာ ဘာမဆို လုပ်နိုင်တယ်။ သူက ခင်ဗျား ခံစစ်ကစားပေးစေချင်တဲ့အချိန်ဆို ခံစစ်ကစားပေးနိုင်ပြီး အမှန်တကယ်တိုက်စစ်လည်းဆင်နိုင်တယ်။ သူ့ရဲ့ ဂိုးကို ကိုယ်တိုင်ဖန်တီးနိုင်တယ်။ အလွတ်တည်ကန်ဘောကနေ ဂိုးသွင်းနိုင်တယ်။ သူက ထိပ်တန်းရှေ့တန်းကစားသမားပါ”

“တိုက်စစ်မှူးဆိုတာကျတော့ ကွဲပြားခြားနားတဲ့သတ္တဝါဖြစ်သွားပြီ။ တိုက်စစ်မှူးဆိုတာက သူ့မျက်နှာမှာ တချိန်လုံး ဂိုးသွင်းချင်နေပြီး သူ ဘယ်နေရာကနေ ဂိုးသွင်းနိုင်မလဲဆိုတာကို အာရုံစိုက်နေတာကို မြင်နိုင်တဲ့ သူမျိုးပါ”

“သူတို့တွေက ကြည့်လို့ကောင်းမယ့်ပုံစံမျိုးဖြစ်ဖို့ မကြိုးစားကြပါဘူး။ တိုက်စစ်မှူးဆိုတာက သေစေနိုင်တဲ့သူမျိုးပါ”လို့ ပြောကြားခဲ့ပါတယ်။