မန်စီးတီးနဲ့ပွဲမှာ ဆိုးလ်ရှားရဲ့ လူထုတ်ပုံကြောင့် ကြက်သေသေခဲ့ရတဲ့ ခရိတ်ဘာလေ

ခရိတ်ဘာလေက မန်ချက်စတာဒါဘီပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ စနေနေ့ညနေပွဲစဉ်မှာ ပေ့ါဂ်ဘာကို အိုလေဂန်နာဆိုးလ်ရှားက ပွဲထွက်ကစားစေခဲ့တဲ့အတွက် အံ့သြမိခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ ပက်ဂွါဒီယိုလာရဲ့ မန်ချက်စတာစီးတီးအသငး်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ပြင်သစ်ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကို ပွဲထွက်လူစာရင်းထဲမှာ ပါဝင်ကစားစေခဲ့တာဖြစ်ပါတယ်။ ပေါ့ဂ်ဘာဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ပွဲထွက်လူစာရင်းထဲမှာ ပါလိုက်၊ မပါလိုက်ဖြစ်နေခဲ့သူဖြစ်ပြီး လိုက်ပ်ဇစ်ကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရတဲ့ပွဲစဉ်မှာ အရန်ခုံမှာ ထိုင်နေခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် ပေါ့ဂ်ဘာဟာ မန်ချက်စတာစီးတီးအသင်းနဲ့ ပွဲစဉ်အတွက် ပွဲထွက်လူစာရင်းမှာ ပြန်လည်ပါဝင်လာခဲ့ပြီး ဂိုးမရှိသရေကျခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ချယ်ဆီးကစားသမားဟောင်း ခရိတ်ဘာလေက ပေါ့ဂ်ဘာ ပွဲထွက်ပါဝင်ကစားဖို့ ရွေးချယ်ခံရမယ်လို့ မမျှော်မှန်းခဲ့ဘူးလို့ ဝန်ခံခဲ့ပြီး အဲဒီအစား အကျိုးသက်ရောက်မှုရှိတဲ့ လူစားဝင်ကစားသမားအဖြစ်ပဲ အသုံးပြုခံရလိမ့်မယ်လို့ တွေးခဲ့မိကြောင်း ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း ခရိတ်ဘာလေက မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာဟာ ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့ပြီး နည်းပြဆိုးလ်ရှားကို စိတ်ပျက်အောင် မလုပ်ခဲ့ဘူးလို့ ထင်မြင်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် သူ ကစားရလိမ့်မယ်လို့ မထင်ခဲ့ဘူး။ ယေဘုယျအားဖြင့် သူလုပ်ရတာက အရန်ခုံကနေ ထလာပြီး ဝင်ကစားရတာပဲ”

“ကျွန်တော် တွေးခဲ့မိတာက သူက ပျော်ရွှင်မှုမရှိနေဘဲ ပိုကောင်းကောင်းကစားနိုင်တဲ့ ယူနိုက်တက်ကစားသမားတွေထဲက တစ်ယောက်လို့ပါ”

“ကျွန်တော့်မှာရှိခဲ့တဲ့ စိုးရိမ်မှုကြီးက သူ့ရဲ့ ခံစစ်ပိုင်း တာဝန်ယူမှုဖြစ်ပြီး အဲဒါက ဆိုးလ်ရှားရဲ့ စိုးရိမ်မှုလည်း ဖြစ်ခဲ့မှာပါ။ ဒါပေမယ့် သူ အမှန်တကယ်ပဲ ခံစစ်ပိုင်းကို ကောင်းကောင်းကစားနိုင်ခဲ့ပြီး နေရာအရမ်းပြောင်းကစားနိုင်ခဲ့တယ်”

“အဲဒီတော့ ပြဿနာမရှိခဲ့ပါဘူး။ ကျွန်တော် နည်းနည်း အံ့သြတာက သူ ပွဲထွက်လူစာရင်းမှာ ရွေးချယ်ခံခဲ့ရတာကိုပါ”လို့ ပြောကြားခဲ့ပါတယ်။