အသင်းသားတွေအားလုံးရှေ့မှာ ရီကွီပုဂျ်ကို ဖော်ကောင်သတင်းပေးလို့ ခေါ်ခဲ့တဲ့ ကိုးမန်း

ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းဟာ ၎င်းရဲ့ဆုံးဖြတ်ချက်ကို ပေါက်ကြားစေခဲ့တဲ့ကစားသမားကို လက်ညှိုးထိုးခဲ့ပြီး အဝတ်လဲခန်းထဲက အသင်းသားတွေအားလုံးရဲ့ရှေ့မှာ စွပ်စွဲပြစ်တင်ခဲ့ပါတယ်။

ရော်နယ်ကိုးမန်းဟာ လာမာစီယာအကယ်ဒမီထွက်ကစားသမားဖြစ်တဲ့ ရီကွီပုဂျ်ဟာ မီဒီယာတွေကို သတင်းပေးနေတဲ့သူအဖြစ် သတ်မှတ်ခဲ့ပြီး အသက် ၂၁ နှစ်အရွယ်ကစားသမားကို “မင်းက ဖော်ကောင်သတင်းပေး”လို့ ကျန်အသင်းသားတွေအားလုံးရှေ့မှာ ခေါ်ဝေါ်ခဲ့ပါတယ်။

စပိန်သတင်းဌာနဖြစ်တဲ့ El Pais ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာလူငယ်ကြယ်ပွင့်ဟာ နည်းပြကိုးမန်းက ၎င်းကို အငှားနဲ့ ထွက်ကစားဖို့အတွက် အသင်းကို စွန့်ခွာဖို့ ပြောကြားခဲ့ကြောင်း မီဒီယာတွေကို ပြောကြားခဲ့‌ကြောင်း သိရပါတယ်။

ယင်းအဖြစ်အပျက်ကြောင့် ကိုးမန်းဟာ နှစ်စဉ်ရာသီမစတင်မီ ကစားသမားဟောင်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ အယ်ချီနဲ့ ကစားခဲ့တဲ့ ဂျိုအန်ဂမ်ပါဖလားပွဲစဉ်မတိုင်မီ ရီကွီပုဂျ်ကို ဖော်ကောင်သတင်းပေးအဖြစ် နာမည်တပ်ခဲ့တာဖြစ်ပါတယ်။ ရီကွီပုဂျ်ဟာ ယင်းအချိန်ကတည်းက ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံမှာ ၄ ပွဲသာ အရန်ခုံကနေ ပါဝင်ကစားပေးရခဲ့တာဖြစ်ပြီး ပရိသတ်တွေက အထူးသဖြင့် မကြာသေးမီက ဂျူဗင်တပ်နဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ကောင်းမွန်တဲ့စွမ်းဆောင်ရည်ပြသနိုင်ခဲ့တဲ့ လူငယ်ကြယ်ပွင့်ကို ပွဲထွက်ကစားခွင့် ရလိမ့်မယ်လို့ မျှော်မှန်းခဲ့တာဖြစ်ပါတယ်။