လီဗာပူး သရေကျတာတောင် ကံကောင်းလို့ဆိုတဲ့ ယူနိုက်တက်ကြယ်ပွင့်ဟောင်း

လီဗာပူးအသင်းဟာ ယမန်နေ့ညက ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ဆာလာရဲ့ ပင်နယ်တီသွင်းဂိုးကြောင့် သရေ ၁ မှတ်ရရှိခဲ့တာဖြစ်ပြီး ကံကောင်းလို့ သရေကျခဲ့တာဖြစ်တယ်လို့ ယူနိုက်တက်ဂန္တဝင်နောက်ခံကစားသမား ပက်ထရစ် အီဗရာက ပြောကြားခဲ့ပါတယ်။

လက်ရှိပရီးမီးယားလိဂ်ချန်ပီယံလီဗာပူးအသင်းဟာ ဖူလ်ဟမ်အသင်းအိမ်ကွင်းမှာ ပုံမှန်ခြေစွမ်းပြသနိုင်ခဲ့ခြင်းမရှိဘဲ ၂၅ မိနစ်မှာပဲ ဒီကော်ဒိုဗာရဲ့ အဖွင့်ဂိုးကို ခွင့်ပြုခဲ့ရပြီး နောက်ကနေ လိုက်ကစားခဲ့ရတာ ဖြစ်ပါတယ်။ ဖူလ်ဟမ်အသင်းဟာ ပွဲစဉ်တလျှောက်လုံး လီဗာပူးအသင်းဂိုးမသွင်းယူနိုင်အောင် ကာကွယ်နိုင်ခဲ့ပေမယ့် ပွဲပြီးခါနီး ၁၁ မိနစ်အလိုမှာ ဝစ်ဂျ်နယ်ဒန်ရဲ့ အလွတ်တည်ကန်ဘောကို ကာကွယ်ရာကနေ ကာမာရာ လက်မောင်းကို ထိခဲ့တာကြောင့် ပင်နယ်တီပေးခဲ့ရပြီး ဆာလာက အမှားအယွင်းမရှိကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းက ဖူလ်ဟမ်အသင်းနဲ့ပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မှု ၇၅ ရာခိုင်နှုန်းနဲ့ လွှမ်းမိုးနိုင်ခဲ့ပေမယ့် အထင်ကြီးဖွယ်ခြေစွမ်းပြသခဲ့တဲ့ ဖူလ်ဟမ်အသင်းအိမ်ကွင်းမှာ သရေ ၁ မှတ်ရရှိခဲ့ပြီး လက်ဗလာနဲ့ အိမ်မပြန်ခဲ့ရတာပဲ ကံကောင်းတယ်လို့ အီဗရာက ယုံကြည်နေတာဖြစ်ပါတယ်။

“ဖူလ်ဟမ်က ပွဲကောင်းတစ်ပွဲ ကစားခဲ့တာပဲ။ အထူးသဖြင့် တိုက်စစ်မှူးတွေပေါ့။ သူတို့က လီဗာပူးခံစစ်ကိုပြဿနာတွေအများကြီးပေးခဲ့တယ်။ ကွင်းလယ်မှာလည်း တောင့်တင်းတဲ့ ပုံစံ ပြသခဲ့တယ်။ အန်ဒရေဖရန့် ဇမ်ဘိုက ခြေစွမ်းကောင်းပြသခဲ့တာပါ။ လီဗာပူးက ၁ မှတ်ရပြီး အိမ်ပြန်သွားရတာ ကံကောင်းတယ်။ ဖူလ်ဟမ်က ၃ မှတ်ရဖို့ထိုက်တန်ခဲ့တာပါ”လို့ ပြောကြားခဲ့ပါတယ်။