နေမာနဲ့အတူတူကစားဖို့ ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖွယ်ရှိနေတဲ့ မက်ဆီ

ဘာစီလိုနာအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီဟာ အသင်းဖော်ဟောင်းဖြစ်တဲ့ နေမာနဲ့အတူတူ တွဲကစားနိုင်ဖို့အတွက် ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့နိုင်ခြေရှိနေတယ်လို့ talkSPORT က ဖော်ပြခဲ့ပါတယ်။

မက်ဆီဟာ နူးကမ့်မှာ အနာဂတ် မရေမရာဖြစ်နေသူဖြစ်ပြီး အာဂျင်တီးနားကြယ်ပွင့်ကို ထိပ်တန်းကလပ်အသင်းများစွာက ခေါ်ယူဖို့အတွက် ကြိုးပမ်းသွားဖွယ်ရှိတဲ့အထဲမှာ ပီအက်စ်ဂျီအသင်းကလည်း တစ်သင်းအပါအဝင်ဖြစ်ပါတယ်။ အသင်းဥက္ကဌ ဘာတိုမြူနဲ့ ဘုတ်အဖွဲ့တစ်ခုလုံး နုတ်ထွက်သွားခဲ့ပေမယ့်လည်း ဘလွန်းဒီအော် ၆ ဆုရှင်ဟာ နူးကမ့်မှာ မပျော်မရွှင်ဖြစ်နေပြီး စာချုပ်သက်တမ်းကလည်း ၆ လသာ ကျန်ရှိတော့တာကြောင့် ကောလာဟလတွေက မြင့်တက်လာနေတာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းကို နည်းပြနေတဲ့ ဘာစီလိုနာနည်းပြဟောင်း ပက်ဂွါဒီယိုလာနဲ့ မက်ဆီတို့ရဲ့ ခိုင်မာတဲ့ဆက်ဆံရေးကြောင့် အီတီဟတ်ကလည်း အာဂျင်တီးနားတိုက်စစ်မှူးရဲ့ နောက်ထပ်ပြောင်းရွှေ့ဖွယ်ရှိတဲ့နေရာထဲမှာ ပါဝင်နေပေမယ့် နေမာက မကြာသေးမီကပဲ ပီအက်စ်ဂျီမှာ မက်ဆီနဲ့ ပြန်လည်ပေါင်းစည်းနိုင်ခြေရှိတယ်ဆိုတဲ့ ကောလာဟလတွေကို ထွက်ပေါ်စေခဲ့တယ်လို့ talkSPORT သတင်းရင်းမြစ်တွေရဲ့ပြောကြားချက်အရ သိရပြီး အပြောင်းအရွှေ့ကလည်း အမှန်တကယ်ဖြစ်ပေါ်ကောင်း ဖြစ်ပေါ်လာနိုင်နေတာဖြစ်ပါတယ်။

နေမာက မကြာသေးမီက မက်ဆီနဲ့ နောက်ထပ်တစ်ကြိမ် အတူတူပြန်တွဲကစားချင်တယ်လို့ ဝန်ခံပြောကြားခဲ့ပြီး ၂၀၁၃ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း ဘာစီလိုနာအသင်းမှာ ကြောက်မက်ဖွယ်အကောင်းဆုံးတိုက်စစ်အတွဲဖြစ်ခဲ့တဲ့ နေမာနဲ့ မက်ဆီတို့ဟာ လာလီဂါဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၁ ကြိမ်အပြင် ကိုပါဒယ်ရေးဖလား ၃ ကြိမ် ကိုင်မြှောက်နိုင်ခဲ့ကြတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကို မကြာသေးမီက အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ၂ ဂိုးသွင်းယူပေးခဲ့ပြီးနောက် နေမာက ၎င်းရဲ့အသင်းဖော်ဟောင်းနဲ့ပတ်သက်ပြီး မီဒီယာတွေကို အခုလိုပဲ ပြောကြားခဲ့ပါတယ်။

“ကျွန်တော် အလိုချင်ဆုံးကတော့ သူနဲ့ နောက်ထပ်တစ်ကြိမ် ပျော်ပျော်ရွှင်ရွှင်ပြန်ကစားရဖို့ပါ။ သေချာတာကတော့ နောက်နှစ်မှာ ကျွန်တော်တို့ အဲဒါကို ဖြစ်အောင်လုပ်ရမှာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။