အေစီမီလန်အတွက် နတ်ဘုရားကြီး ပြန်လာပြီ

ဒဏ်ရာကြောင့် အေစီမီလန်အသင်းရဲ့ နောက်ဆုံးပွဲစဉ် ၃ ပွဲကို လွဲချော်ထားခဲ့တဲ့ ၀ါရင့်တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ်ဟာ လက်ရှိမှာ ဒဏ်ရာပြဿနာကနေ ပြန်လည်သက်သာလာပြီးဖြစ်တာကြောင့် တနလာနေ့မနက်က ပြုလုပ်ခဲ့တဲ့ အေစီမီလန်အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ ပြန်လည်ပါဝင်လာခဲ့တယ်လို့ သိရပါတယ်။

ဆွီဒင်ဂန္တဝင်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နေ့က နာပိုလီအသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အီဘရာဟီမိုဗစ်ဟာ ယခုရာသီ အေစီမီလန်အသင်းအတွက် စီးရီးအေ ၆ ပွဲပါဝင်ကစားထားရမှာ သွင်းဂိုး ၁၀ ဂိုးအထိ သွင်းယူထားနိုင်တဲ့ ကစားသမားဖြစ်ပါတယ်။

အေစီမီလန်အသင်းဟာ အီဘရာဟီမိုဗစ် မပါဝင်နိုင်ခဲ့တဲ့ ပွဲစဉ် ၃ပွဲမှာ ၂ ပွဲနိုင် ၁ ပွဲသရေဆိုတဲ့ ရလဒ်ကောင်းတစ်ခုကို ရယူထားနိုင်ခဲ့တာဖြစ်ပြီး ယခုအပတ်ကြားရက်မှာ ကစားရမယ့် ဂျီနိုအာအသင်းနဲ့ ပွဲစဉ်မှာ အေစီမီလန်အသင်းအတွက် ပါဝင်ကစားနိုင်ဖို့ အီဘရာဟီမိုဗစ်က မျှော်လင့်နေတာဖြစ်ပါတယ်။

အေစီမီလန်ဟာ ယခုရာသီ စီးရီးအေ ၁၁ ပွဲ ကစားပြီးချိန်မှာ ၈ ပွဲနိုင် ၃ ပွဲသရေရလဒ်နဲ့ ရှုံးပွဲမရှိ ရလဒ်ကောင်းတစ်ခုကို ရယူထားနိုင်ခဲ့တဲ့တွက် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေပြီး ဒုတိယနေရာက အင်တာမီလန်အသင်းကို ၃ မှတ်ဖြတ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၃၉ နှစ်အရွယ်တိုက်စစ်မှူးဟာ အေစီမီလန်အသင်းကို ၂၀၁၉-၂၀၂၀ ဒုတိယရာသီဝက်မှာ ၁၁ ဂိုးအထိ သွင်းယူပေးခဲ့ပြီး ယူရိုပါလိဂ်ဝင်ခွင့်ရရှိအောင် ကူညီပေးနိုင်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။