ပေါ့ဂ်ဘာရဲ့အပြောင်းအရွှေ့ကိစ္စကို လေပြေထိုးပြီး ထပ်ပြောခဲ့တဲ့ ရွိုင်အိုလာ

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ပေါ့ဂ်ဘာရဲ့အေးဂျင့် မိုင်နိုရွိုင်အိုလာဟာ ပြီးခဲ့တဲ့အပတ်က ပြင်သစ်ကွင်းလယ်ကစားသမားနဲ့ပတ်သက်ပြီး မှတ်ချက်ပေးခဲ့ပြီးနောက် ယူနိုက်တက်ပရိသတ်တွေရဲ့ ဒေါသထွက်ခြင်းကို ခံခဲ့ရသူဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ လိုက်ပ်ဇစ်နဲ့ယှဉ်ပြိုင်ကစားရမယ့် အရေးကြီးတဲ့ချန်ပီယံလိဂ်ပွဲစဉ်အတွက် ပြင်ဆင်ရင်း အလုပ်ရှုပ်နေချိန်မှာ ရွိုင်အိုလာက ပေါ့ဂ်ဘာရဲ့ အိုးထရက်ဖို့ဒ်က အချိန်တွေက ကုန်ဆုံးသွားခဲ့ပြီလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ရွိုင်အိုလာရဲ့ ပြောကြားချက်ဟာ မန်ချက်စတာယူနိုက်တက်နည်းပြအိုလေဂန်နာဆိုးလ်ရှားအတွက် ပွဲထွက်ကစားသမားရွေးချယ်ရာမှာ ကြီးမားတဲ့အကြပ်အတည်းဖြစ်စေခဲ့ပြီး နောက်ဆုံးမှာတော့ ပေါ့ဂ်ဘာကို ပွဲထွက်ကစားသမားစာရင်းကနေ ချန်လှပ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ရွိုင်အိုလာက ပေါ့ဂ်ဘာရဲ့အချိန်တွေ ကုန်ဆုံးသွားခဲ့ပြီဆိုတာက ဘာကို ရည်ရွယ်ပြီး ပြောခဲ့တာလဲဆိုတာကို ပြန်လည်ရှင်းလင်းခဲ့ပြီဖြစ်ပါတယ်။

“ပေါ့ဂ်ဘာမှာ အရမ်းကောင်းမွန်တဲ့အနာဂတ်ရှိပါလိမ့်မယ်။ အင်္ဂလန်မှာ သူတို့တွေက ပေါ့ဂ်ဘာအကြောင်းပြောရင် အရမ်းထိရှလွယ်ကြတယ်။ ကျွန်တော်က ကျွန်တော့်ရဲ့အမြင်ကို ထုတ်ဖော်ပြသရုံပါ”

“ကျွန်တော်ပြောခဲ့တာက ဇန်နဝါရီလမှာ ထိပ်တန်းအပြောင်းအရွှေ့တွေ ပြုလုပ်ဖို့ ခက်ခဲတဲ့အတွက် နွေရာသီမှာ ပေါလ် ထွက်ခွာနိုင်တယ်လို့ ပြောတာပါ”လို့ ပြောကြားခဲ့ပါတယ်။