ပီအက်စ်ဂျီနဲ့တွေ့ဆုံခဲ့တယ်ဆိုတဲ့သတင်းတွေကို ဖြေရှင်းခဲ့တဲ့ မက်ဆီရဲ့ဖခင်

ဘာစီလိုနာကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီရဲ့ အေးဂျင့်အဖြစ်ဆောင်ရွက်ပေးနေတဲ့ ဖခင်ဖြစ်သူ ဂျော့ဂျ်မက်ဆီက ပီအက်စ်ဂျီအသင်းကတာဝန်ရှိသူတွေနဲ့တွေ့ဆုံခဲ့တယ်ဆိုတဲ့သတင်းတွေကို ပြတ်ပြတ်သားသားငြင်းဆိုသွားခဲ့ပါတယ်။

အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူးဟာ ပြင်သစ်လီဂူးဝမ်းကို ပြောင်းရွေ့ကစားလိမ့်မယ်လို့သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဖခင်ဖြစ်သူက ယင်းသတင်းတွေဟာ သတင်းအမှားတွေသာဖြစ်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွေ့ကာလတုန်းက နူးကမ့်ကနေထွက်ခွာဖို့ကြိုးစားခဲ့ပြီးနောက်ပိုင်း လက်ရှိအချိန်ထိ ဘော်လွန်းဒီအော်ဆု၆ဆုရှင်ရဲ့အနာဂတ်ဟာ မရေမရာ ဖြစ်နေဆဲဖြစ်ပါတယ်။

ဘာစီလိုနာအသင်းက နွေရာသီတုန်းက မက်ဆီထွက်ခွာသွားမှာကို တားဆီးနိုင်ခဲ့တာဖြစ်ပေမယ့် ယခုရာသီအကုန်မှာတော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့လက်လွှတ်သွားရဖွယ်ရှိနေတာဖြစ်ပါတယ်။ ဒါ့ကြောင့် မန်စီးတီး၊အင်တာနဲ့ ပီအက်စ်ဂျီတို့လိုအသင်းတွေနဲ့အပြောင်းအရွေ့သတင်းတွေ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့ကပဲ စပိန်သတင်းစာတစ်ခုက လီယွန်နယ် မက်ဆီကို ခေါ်ယူနိုင်မယ့်အသင်းအဖြစ် ပီအက်စ်ဂျီအသင်းက ထိပ်ဆုံးကနေရေပန်းစားနေတဲ့အကြောင်းကိုဖော်ပြခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်က ဘာစီလိုနာမြို့မှာ မက်ဆီရဲ့ဖခင် ဂျော့ဂျ်က ကာတာကောင်စစ်ဝန်ရုံးမှာဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် Goal.com ရဲ့ဖော်ပြချက်အရ မက်ဆီဟာ တစ်ခြားဘယ်ကလပ်နဲ့မှဆွေးနွေးညှိနှိုင်းရသေးခြင်းမရှိသလို ဂျော့ဂျ်ကလည်း သားဖြစ်သူရဲ့အပြောင်းအရွေ့သတင်းတွေကို အင်တာဂရမ်ကနေတစ်ဆင့်ပို့စ်တင်ပြီး ငြင်းဆိုသွားခဲ့တာဖြစ်ပါတယ်။ ဂျော့ဂျ်ကတော့ နောက်ထပ်ထွက်ပေါ်လာတဲ့သတင်းအမှားတွေဖြစ်တဲ့အကြောင်းနဲ့ ၎င်းဟာ အာဂျင်တီးနားမှာ စက်တင်ဘာလကတည်းကရှိနေတဲ့အကြောင်းတို့ကို အင်စတာဂရမ်မှာပို့စ်တင်ပြီး ဖြေရှင်းသွားခဲ့တာဖြစ်ပါတယ်။