တီကီတာကာနဲ့ ကစားပြပြီး ဘာကာကို သတင်းစကားပါးခဲ့တဲ့ ဇာဗီ

ဇာဗီဟာ အယ်လ်ဆတ်အသင်းကို တီကီတာကာဘောလုံးကစားဟန်တိုင်း ကစားစေပြီး ဘာစီလိုနာအသင်းနည်းပြအလုပ်အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။

စပိန်လက်ရွေးစင်ကွင်းလယ်ကစားသမားဟောင်း ဇာဗီဟာ ယခုနှစ်အစောပိုင်းမှာ ဘာစီလိုနာအသင်းကို ပြန်သွားဖို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် စောလွန်းသေးတယ်လို့ ခံစားခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် ဇာဗီဟာ ကာတာစတားလိဂ်မှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပြီး အယ်လ်ဆတ်အသင်းဟာ ၎င်းတို့နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာ ၄-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း အမှန်တကယ်ပြောစရာဖြစ်ခဲ့တာကတော့ အယ်လ်ဆတ်အသင်းရဲ့ စတုတ္ထမြောက်သွင်းဂိုးဖြစ်ခဲ့ပြီး ပက်ဂွါဒီယိုလာရဲ့ ဘာစီလိုနာအသင်းကို ပြန်မြင်နေရသလို ခံစားခဲ့ရတာဖြစ်ပါတယ်။ ခံစစ်ကနေ တိုက်စစ်အထိ လှပတဲ့ဘောလုံးပေးပို့မှု လှည့်ကွက်တွေနဲ့ သယ်ဆောင်လာခဲ့ပြီးနောက် ဘတ်ဂ်ဒတ်ဘူနီဂျာက သက်တောင့်သက်သာနဲ့ တစ်ချက်ထိ ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ကာတာစတားလိဂ်ဟာ လာလီဂါနဲ့ယှဉ်ရင် အရည်အသွေးများစွာနိမ့်ကျပေမယ့်လည်း ဇာဗီက တီကီတာကာနဲ့ ကစားနိုင်အောင် ပြုလုပ်ပေးခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းရဲ့သွင်ပြင်ပျောက်ဆုံးနေခဲ့ပြီလို့ ထင်မြင်ခဲ့ကြတဲ့ ပရိသတ်တွေအတွက်တော့ စိတ်ကျေနပ်စရာဖြစ်ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ လက်ရှိမှာတော့ လာလီဂါအမှတ်ပေးဇယားအဆင့် ၈ နေရာမှာ ရပ်တည်နေရပြီး ပြီးခဲ့တဲ့နွေရာသီမှာ နည်းပြသစ်ဖြစ်လာခဲ့တဲ့ ရော်နယ်ကိုးမန်းဟာ ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။