လာမယ့်ရာသီ ချန်ပီယံရှစ်ဖလားကို အာဆင်နယ်ရမယ်လို့ ဘွတ်ကီဒိုင်တွေ ကြေးဖွင့်

အာဆင်နယ်အသင်းဟာ လာမယ့်ရာသီ ချန်ပီယံရှစ်ဖလားကို ရရှိလိမ့်မယ်လို့ လောင်းကစားဒိုင်တွေရဲ့ ကြေးဖွင့်ခြင်းကို ခံခဲ့ရတယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။

အာဆင်နယ်ဟာ ၎င်းတို့ရဲ့ နောက်ဆုံး ၁၀ ပွဲမှာ ၇ ပွဲအထိ ရှုံးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၅ နေရာမှာ ရပ်တည်နေရတာဖြစ်ပြီး တန်းဆင်းဇုန်နဲ့ ၅ မှတ်သာ ကွာဟတော့တာဖြစ်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ဘန်လေအသင်းနဲ့ အိမ်ကွင်းပွဲစဉ်မှာ တိုက်စစ်မှူး အူဘာမီယန်းရဲ့ ကို်ယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့တဲ့ဂိုးကြောင့် ၁-၀ နဲ့ အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် အာဆင်နယ်ဟာ နောက်ဆုံးအိမ်ကွင်း ၄ ပွဲဆက်တိုက်ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ၁၉၅၉ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံး အိမ်ကွင်းစွမ်းဆောင်ရည်ဖြစ်ခဲ့တာဖြစ်ပါတယ်။ ရာသီက တဖြည်းဖြည်း တဝက်ကျိုးလာလေ အာဆင်နယ်အသင်းက တန်းဆင်းဖို့ ဖြစ်နိုင်ခြေက ပိုများလာလေဖြစ်နေတာကြောင့် လောင်းကစားဒိုင်တွေက အာဆင်နယ်အသင်းအနေနဲ့ လာမယ့်ရာသီ ချန်ပီယံရှစ်ဖလားကို ရရှိလိမ့်မယ်လို့ ၆၆ လေး ၁ လေးနဲ့ ကြေးဖွင့်ခဲ့တာဖြစ်ပါတယ်။

လောင်းကစားဒိုင်ကိုင်တဲ့လုပ်ငန်းက အဲလက်စ်အပါတီက “အာဆင်နယ်ပရိသတ်တွေက သူတို့အသင်းကို နောက်ထပ်တစ်ကြိမ် လိဂ်ဖလားအတွက် စိန်ခေါ်နိုင်စေချင်နေတယ်ဆိုတာ ရှင်းပါတယ်။ အဲဒီလို စိတ်မျိုးနဲ့ဆိုရင် သူတို့ တန်းဆင်းပြီး လာမယ့်ရာသီ ချန်ပီယံရှစ်အမှတ်ပေးဇယားကို ဦးဆောင်တာက အကောင်းဆုံးဖြစ်မယ့်ပုံပေါ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။