ရလဒ်သာရှုံးချင်ရှုံးမယ်၊ လေတော့ အရှုံးမပေးသွားခဲ့တဲ့ မော်ရင်ဟို

တော့တင်ဟမ်ဟော့စပါးအသင်းနည်းပြ ဟိုဆေးမော်ရင်ဟိုက ဗုဒ္ဓဟူးနေ့ညနေမှာ ကစားခဲ့တဲ့ လီဗာပူးအသင်းနဲ့ပွဲစဉ်မှာ ၎င်းရဲ့အသင်းအနေနဲ့ ရမှတ် ၃ မှတ်စလုံးကို ရရှိခဲ့သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

နည်းပြမော်ရင်ဟိုက လီဗာပူးအသင်းကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညပွဲစဉ်ကို တော့တင်ဟမ်ဟော့စပါးအသင်းက အနိုင်ရရှိဖို့ ထိုက်တန်ခဲ့တယ်လို့ ပြောကြားခဲ့တာဖြစ်ပြီး ဖာမီနိုရဲ့ မိနစ် ၉၀ မှာ သွင်းယူခဲ့တဲ့ ခေါင်းတိုက်သွင်းဂိုးကြောင့် လီဗာပူးအသင်းက အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးအသင်းဟာ ဒုတိယပိုင်းမှာ ဦးဆောင်ဂိုးတွေ သွင်းယူနိုင်လုနီးနီးဖြစ်ခဲ့ပေမယ့် ဟယ်ရီကိန်းနဲ့ စတီဗင်ဘာဘိမ်းတို့က အပိုင်အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ကြတာဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ အပိုင်အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရမှုကြောင့် ပေးဆပ်မှုကြီးမားခဲ့တာဖြစ်ပြီး မော်ရင်ဟိုက ၎င်းရဲ့အသင်းဟာ ဘောလုံးပိုင်ဆိုင်မှု ၂၄ ရာခိုင်နှုန်းနဲ့ ဂိုးပေါက်ကန်သွင်းမှု ၂ ကြိမ်သာပြုလုပ်နိုင်ခဲ့ပေမယ့် အန်းဖီးမှာ ဒီထက်ပိုမိုကောင်းမွန်တဲ့ရလဒ်နဲ့ ထိုက်တန်ခဲ့တယ်လို့ ခံစားခဲ့ရတာဖြစ်ပါတယ်။

“ကျွန်တော်တို့ အနိုင်ရရှိဖို့ ထိုက်တန်ခဲ့ပါတယ်။ ကျွန်တော် စိတ်ပျက်ရပါတယ်။ သူတို့တွေ ဘောလုံးပိုရခဲ့တယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘောလုံးရခဲ့တဲ့အချိန်မှာ သူတို့ကို ဘယ်လိုနာကျင်အောင် လုပ်ရမလဲဆိုတာ သိခဲ့ပေမယ့် ကျွန်တော်တို့ ဒုတိယဂိုး၊ တတိယဂိုးသွင်းယူနိုင်ခဲ့ရမှာပါ။ ကျွန်တော်တို့ ပွဲကို အဆုံးသတ်ဖို့ အဲဒီသွင်းဂိုးတွေ သွင်းယူခဲ့ရမှာပါ”

“သူတို့တွေက ဘောလုံးတော့ရခဲ့ပေမယ့် ပွဲက ထိန်းချုပ်မှုအောက်မှာရှိနေခဲ့ပါတယ်။ ဒီလိုမျိုး ပွဲမျိုးမှာ ခင်ဗျား အခွင့်အရေး ၁၀ ကြိမ်ရမှာမဟုတ်ဘူး။ ၃ ကြိမ် ဒါမှမဟုတ် ၄ ကြိမ်လောက်ပဲရမှာဖြစ်ပြီး ခင်ဗျား ၃ ဂိုးသွင်းပြီး ပွဲကို ဖြတ်ပစ်လိုက်ရမှာပါ”

“သရေဆိုရင်တော့ မျှတတဲ့ရလဒ်ဖြစ်ကောင်းဖြစ်မှာဖြစ်ပေမယ့် ရှုံးနိမ့်ခဲ့တာကတော့ လုံးဝကို မမျှတပါဘူး။ ဒါပေမယ့် ဒါက ဘောလုံးပဲလေ”လို့ ပြောကြားခဲ့ပါတယ်။