အထာမထားတဲ့ စပယ်ရှယ်ဝမ်းကို ဒဲ့ပြန်ဆော်လိုက်တဲ့ အာနိုးလ်

လီဗာပူးနောက်ခံကစားသမား အလက်ဇန္ဒားအာနိုးလ်က နည်းပြကလော့ပ်ကို စပါးနဲ့ လီဗာပူးပွဲစဉ်အပြီးမှာ မော်ရင်ဟိုက အကောင်းဆုံးအသင်းက ရှုံးနိမ့်ခဲ့တာလို့ ပြောကြားခဲ့ပြီးနောက် ပြန်လည်တုံ့ပြန်လိုက်ပါတယ်။

နာကျင်အချိန်ပိုမှာ ဖာမီနိုရဲ့ ခေါင်းတိုက်သွင်းယူပေးခဲ့တဲ့ သွင်းဂိုးကြောင့် လက်ရှိပရီးမီးယားလိဂ်ချန်ပီယံလီဗာပူးအသင်းဟာ ဖလားပြိုင်ဘက် စပါးအသင်းကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီး ၁၃ ပွဲကစားပြီးချိန်မှာ ၃ မှတ်အသာနဲ့ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးနဲ့ စပါးအသင်းတို့ရဲ့ပွဲစဉ်ဟာ အစကနေ အဆုံးအထိ အကြိတ်အနယ်ရှိခဲ့ကြတာဖြစ်ပြီး မိုဟာမက်ဆာလာက ၂၆ မိနစ်မှာ အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး ၃၃ မိနစ်မှာ ဆွန်ဟောင်မင်က ချေပဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ဦးဆောင်ဂိုးရမယ့် နှစ်သင်းစလုံး ရေကုန်ရေခမ်းကြိုးပမ်းခဲ့ကြပြီးနောက် နောက်ဆုံးအချိန်မှာ ဖာမီနိုက နောက်ကျဂိုးသွင်းယူပေးခဲ့ပြီး လီဗာပူအသင်းက အဖိုးတန်အနိုင် ၃ မှတ်ကို ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း တော့တင်ဟမ်ဟော့စပါးနည်းပြ မော်ရင်ဟိုက ၎င်းရဲ့အသင်းဟာ ဗုဒ္ဓဟူးနေ့ညပွဲစဉ်မှာ အနိုင်ရရှိဖို့ ထိုက်တန်ခဲ့တယ်လို့ ထင်မြင်ခဲ့တာဖြစ်ပြီး လီဗာပူးနည်းပြ ကလော့ပ်ကို ပွဲအပြီးမှာ အကောင်းဆုံးအသင်းက ရှုံးနိမ့်သွားခဲ့တာလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

လီဗာပူးနောက်ခံကစားသမား အလက်ဇန္ဒားအာနိုးလ်အတွက် မော်ရင်ဟိုရဲ့ ပွဲအပြီးမှတ်ချက်စကားကို တုံ့ပြန်ဖို့အတွက် အချိန်သိပ်မယူခဲ့ရဘဲ လူမှုကွန်ရက်မှာ ‘အကောင်းဆုံးအသင်းက အနိုင်ရသွားတာ’လို့ ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။