လက်စတာတောင် ဖလားရခဲ့သေးတာ အာဆင်နယ်လည်း တန်းဆင်းနိုင်တယ်-ရေးပါလာ

အာဆင်နယ်ဂန္တဝင်နောက်ခံကစားသမား ရေးပါလာက အသင်းအနေနဲ့ လက်ရှိအခြေအနေကနေ ရုန်းထွက်ဖို့ နည်းလမ်းရှာမတွေ့ဘူးဆိုမှ တကယ့်ပြဿနာဖြစ်လာလိမ့်မယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်း တန်းဆင်းနိုင်တယ်လို့ ၂၀၁၅-၂၀၁၆ ရာသီမှာ ထူးထူးခြားခြား ပရီးမီးယားလိဂ်ဖလားအောင်မြင်မှုရရှိခဲ့တဲ့ လက်စတာစီးတီးအသင်းကို ရေးပါလာက ဥပမာပေးပြီး ပရီးမီးယားလိဂ်မှာ ဘာမဆိုဖြစ်သွားနိုင်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

လက်စတာစီးတီးအသင်းဟာ နည်းပြ ရာနီရေးနီလက်အောက်မှာ ပရီးမီးယားလိဂ်ဖလားရဖို့ ၅၀၀၀ လေး ၁ လေးပဲရှိခဲ့ပေမယ့် ဘယ်သူမှမထင်မှတ်ထားတာကို လုပ်ပြခဲ့ပြီး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ လက်ရှိမှာ တူညီတဲ့အခြေအနေမှာ ရောက်ရှိနေတာဖြစ်ပေမယ့် အမှတ်ပေးဇယားထိပ်ဆုံးမှာမဟုတ်ဘဲ အမှတ်ပေးဇယားအောက်ဆုံးမှာဖြစ်နေတာဖြစ်ပါတယ်။ လူအချို့က မြောက်လန်ဒန်ကလပ်အနေနဲ့ ယခုရာသီမှာ တော်တော်ဆိုးဆိုးရွားရွားရုန်းကန်ရလိမ့်မယ်လို့ မျှော်မှန်းထားပြီး အက်ဖ်အေဖလားနဲ့ ကွန်မြူနတီဒိုင်းအောင်မြင်ထားတဲ့အသင်းမှ ဟုတ်ရဲ့လားလို့တောင် ထင်မြင်စရာဖြစ်ပါတယ်။

ရေးပါလာက နောက်ဆုံးမှာတော့ အမ်းမရိတ်စ်ကွင်းထဲမှာ အရည်အသွေးတွေက တောက်ပလာလိမ့်မယ်လို့ ယုံကြည်နေပေမယ့် လက်ရှိခြေစွမ်းက အာဆင်နယ်အသင်းအတွက် အချက်ပေးခေါင်းလောင်းသံဖြစ်လာနေတယ်ဆိုတာကို လက်ခံထားတာဖြစ်ပါတယ်။

“တစ်စုံတယောက်က တစ်နေ့က သူတို့တွေ တန်းဆင်းသွားနိုင်လားလို့ မေးခွန်းမေးလာတယ်။ ကျွန်တော်က ‘အင်း၊ ဖြစ်ချင်မှလည်း ဖြစ်မှာပါ’လို့ ပြောခဲ့တယ်။ ဒါပေမယ့် ခင်ဗျား ၅၀၀၀ လေး ၁ လေးပဲရှိတဲ့အချိန်မှာ လက်စတာစီးတီး လိဂ်ဖလားရသွားတာကို ကြည့်လိုက်။ သူတို့တွေ ချန်ပီယံဖြစ်ခဲ့တယ်။ အဲဒီတော့ သူတို့(အာဆင်နယ်)လည်း တန်းဆင်းသွားနိုင်တာပဲ”

“သူတို့တွေ ခုကနေစပြီး ရမှတ်တွေ မယူနိုင်ဘူးဆိုရင် အဲဒီတော့မှ တကယ့်ပြဿနာအစစ်အဖြစ်ကို ပြောင်းသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။