အသင်းဟောင်းဂိုးလက်ဆောင်ပေးခဲ့တဲ့ ဒင်းဟန်ဒါဆင်

မန်ချက်စတာယူနိုက်တက်ဂိုးသမား ဒင်းဟန်ဒါဆင်ဟာ ကြာသပတေးနေ့ညနေမှာ ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ပြန်လည်ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ အဆိုးရွားဆုံးအမှားနဲ့ ဂိုးတစ်ဂိုး လက်ဆောင်ပေးခဲ့မိပါတယ်။

ဒေးဗစ်ဒီဂီယာနေရာမှာ ပွဲထွက်ဂိုးသမားအဖြစ် ပါဝင်လာတဲ့ ဒင်းဟန်ဒါဆင်ဟာ ပထမပိုင်း ၅ မိနစ်မှာ ကျူးလွန်ခဲ့တဲ့အမှားကြောင့် ရှက်ဖီးယူနိုက်တက်အသင်းက အဖွင့်ဂိုး စတင်ရရှိသွားခဲ့တာဖြစ်ပြီး ဘောလုံးပေးပို့ရာမှာ နှောင့်နှေးနေခဲ့တာကြောင့် အိုလီဗာဘာ့ခ်က ကြားဖြတ်လုယူသွားခဲ့တာဖြစ်ပါတယ်။ ဘာ့ခ်က ဘောလုံးကို ဒုတိယမြောက်သွင်းဂိုးကို သွင်းယူပေးခဲ့တဲ့ မက်ဂိုးဒ်ရစ် အပြင်းကန်သွင်းယူနိုင်အောင် လှမ်းပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒင်းဟန်ဒါဆင်ဟာ ဟယ်ရီမက်ဂွိုင်းယားရဲ့ နောက်ပြန်ပေးပို့လိုက်တဲ့ ဘောလုံးကို လက်ခံရရှိပြီးနောက် အခြားနောက်ခံကစားသမားတွေကို ပေးပို့ဖို့ ကြိုးပမ်းခဲ့ရာမှာ မအောင်မြင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂ ရာသီအထိ အငှားနဲ့ ကစားခဲ့ဖူးတဲ့ အသင်းဟောင်း ရှက်ဖီးယူနိုက်တက်ကို တမင်များ ဂိုးဖန်တီးပေးလိုက်သလားလို့တောင် ထင်ခဲ့ရပါတယ်။ ဒင်းဟန်ဒါဆင်ရဲ့ အမှားနဲ့ပတ်သက်ပြီး တွစ်တာလူမှုကွန်ရက်မှာ လူပြောများနေပြီး ဟာသဉာဏ်ရွှင်တဲ့ ပရိသတ်တွေကြောင့် မြင်တွေ့ရသူတိုင်း ပွဲကျနေပါတယ်။

“၁၀ မိနစ်အတွင်းမှာ ရှက်ဖီးယူနိုက်တက်အတွက် ဒင်းဟန်ဒါဆင်က ဂိုးဖန်တီးပေးလိုက်သည်ကို မန်ယူပရိသတ်များ သိလိုက်ရသောအခါ”လို့ တွစ်တာအသုံးပြုသူတစ်ဦးက ရေးသားခဲ့ပြီး “မင်း အခု မတူညီတဲ့ယူနိုက်တက်အတွက် ကစားပေးနေတာနော် ကိုယ့်လူ”လို့ အခြားတွစ်တာအသုံးပြုတစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။