အသင်းသမိုင်းမှာ ၂ ပွဲဆက်တိုက်ရှုံးပွဲနဲ့ ရှောင်လွှဲနိုင်ခဲ့လို့ မျက်ရည်ကျခဲ့တဲ့ ဆန်မာရီနိုကစားသမား

ဆန်မာရီနိုအသင်းဟာ ပြိုင်ပွဲတွေမှာ ဒုတိယမြောက်ရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့ပြီးနောက် စိတ်ထိခိုက်ဖွယ်ကောင်းတဲ့ မြင်ကွင်းတစ်ခုကို မြင်တွေ့ခဲ့ရပါတယ်။

လူမသိသူမသိ သွားဆရာဝန်များ၊ စာရင်းကိုင်များ၊ ဘဏ်ဝန်ထမ်းများနဲ့ဖွဲ့စည်းထားတဲ့ ဆန်မာရီနိုပွဲထွက်ကစားသမား ၁၁ ဦးဟာ လက်ရှိအချိန်အထိ နှစ်ပေါင်းများစွာ နိုင်ငံတကာဘောလုံးလောကမှာ တွေ့သမျှအသင်းတိုင်းရဲ့ အနိုင်ကျင့်ခြင်းကို ခံခဲ့ရသူတွေဖြစ်ခဲ့ပါတယ်။​ ၎င်းတို့ဟာ ပထမဆုံးပွဲ ၁၅၀ မှာ ၁၄၇ ပွဲအထိ ရှုံးနိမ့်ခဲ့ပြီး စုစုပေါင်းပေးဂိုး ၆၆၉ ဂိုးအထိ ရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိမှတော့ ၎င်းတို့ရဲ့အသင်းသမိုင်းမှာ ပထမဆုံးအကြိမ် ပြိုင်ပွဲတွေမှာ ၂ ပွဲဆက်တိုက် ပေးဂိုးမရှိသရေရလဒ်ကို ရရှိခဲ့ပြီး လစ်ချန်စတိမ်းနဲ့ ဂျီဘရယ်တာတို့နဲ့ သရေကျခဲ့တာဖြစ်ပါတယ်။ ဂျီဘရယ်တာနဲ့ စနေနေ့က ကစားခဲ့တဲ့ပွဲစဉ် ဒုတိယပိုင်းပြန်လည်စတင်ပြီး ၄ မိနစ်မှာ ဆန်မာရီနိုအသင်းခေါင်းဆောင် ဒါဗီဒေးဆိုင်မွန်စီနီဟာ အနီကတ်ပြထုတ်ပယ်ခံခဲ့ရပေမယ့် အုပ်စုဗိုလ်ကို အကောင်းဆုံးတုံ့ပြန်ကစားပြီး သရေတစ်မှတ်ကို အထင်ကြီးဖွယ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

၂ ပွဲဆက်တိုက် ပေးဂိုးမရှိခဲ့တာက ဆန်မာရီနို ကစားသမားတွေအတွက်တော့ အများကြီးအဓိပ္ပာယ်ရှိခဲ့ပြီး ဗဟိုနောက်ခံကစားသမား ဒန်တီရော့ဆီဟာ ပွဲအပြီးအင်တာဗျူးဖြေချိန်မှာ စိတ်ခံစားမှုကို မထိန်းချုပ်နိုင်ဘဲ ကင်မရာရှေ့မှာပဲ ဝမ်းသာမျက်ရည်တွေ ကျခဲ့တာဖြစ်ပါတယ်။

ဆန်မာရီနိုအသင်းဟာ ၂၀၀၄ ခုနှစ် ဧပြီလက ခြေစမ်းပွဲမှာ လစ်ချန်စတိမ်းကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့နောက် ယနေ့အထိ နိုင်ပွဲအရသာကို မြည်းစမ်းနိုင်ခြင်းမရှိသေးတာကြောင့် တစ်ပွဲလောက် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့မယ်ဆိုရင် ၎င်းတို့အတွက် သမိုင်းဝင်နိုင်ပွဲလို့တောင် သတ်မှတ်ရမှာဖြစ်ပါတယ်။