FiveThirtyEight ရဲ့ခန့်မှန်းချက်အရ တန်းမဆင်းရဘဲ ကျန်ရစ်ခဲ့တဲ့ အာဆင်နယ်

ယခုအပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေအပြီးမှာ ပရီးမီးယားလိဂ်ရာသီဟာ ၃ ပုံ ၁ ပုံကျော် ကုန်ဆုံးခဲ့ပြီဖြစ်ပြီး အသင်းအများစုဟာ ၁၃ ပွဲအထိ ကစားခဲ့ပြီးနောက် အမှတ်ပေးဇယားကလည်း စတင်ရုပ်လုံးပေါ်လာနေပြီဖြစ်ပါတယ်။

လက်ရှိချန်ပီယံလီဗာပူးအသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးကို ပြန်လည်တက်ရောက်နိုင်ခဲ့ပြီဖြစ်ပြီး တော့တင်ဟမ်ဟော့စပါး၊ မန်ချက်စတာယူနိုက်တက်၊ မန်ချက်စတာစီးတီးအသင်းတို့ကလည်း ထိပ်ဆုံးလေးနေရာဝန်းကျင်မှာ ရှိနေတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းကတော့ အဆင့် ၁၅ နေရာမှာ ရပ်တည်နေပြီး ရှက်ဖီးယူနိုက်တက်အသင်းကတော့ ပရီးမီးယားလိဂ်သမိုင်းမှာ အဆိုးရွားဆုံးအသင်းအဖြစ် စံချိန်တင်ထားတဲ့ ဒါဘီရဲ့စံချိန်ကိုတောင် ချိုးမယ့်အနေအထားမှာရှိနေတာဖြစ်ပါတယ်။

ခရစ်စမတ်ပွဲကြပ်ကာလက အသင်းအများစုအတွက် အကောင်းဘက်လည်း ရောက်သွားနိုင်သလို အဆိုးဘက်လည်း ရောက်သွားနိုင်တဲ့အခိုက်အတံ့ဖြစ်ပေမယ့် ရာသီအကုန်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားက ဘယ်လိုတွေဖြစ်နေမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းမှာအသေအချာပဲဖြစ်ပါတယ်။ အချက်အလက်တွေ တွက်ချက်ဟောကိန်းထုတ်နေတဲ့ FiveThirtyEight က စိတ်ဝင်စားစရာရလဒ်တွေထက် ပရီးမီးယားလိဂ်ရာသီကုန် အမှတ်ပေးဇယားကို ဟောကိန်းထုတ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ လီဗာပူးအသင်းနဲ့ ၈ မှတ်ကွာဟနေတဲ့ မန်ချက်စတာစီးတီးအသင်းက စုစုပေါင်းရမှတ် ၈၀ နဲ့ ပရီးမီးယားလိဂ်ဖလားကို ရရှိသွားမှာဖြစ်ပြီး လက်ကျန် ၂၆ ပွဲကနေ မန်ချက်စတာစီးတီးအသင်းက အနည်းဆုံးရမှတ် ၆၀ ရရှိပြီး ဆုဖလားရဖို့ အခွင့်အရေး ၄၆ ရာခိုင်နှုန်းအထိ ရှိတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ ချယ်ဆီးအသင်းတို့ဟာ ရမှတ် ၆၈ မှတ်ချင်းတူညီနေပေမယ့် ယူနိုက်တက်က ဂိုးကွာခြားချက်နဲ့ အဆင့် ၃ နေရာမှာ ရာသီပြီးဆုံးနိုင်ခဲ့တာကို မြင်တွေ့ခဲ့ရပြီး မော်ရင်ဟိုရဲ့စပါးကတော့ ၁ မှတ်အကွာနဲ့ အဆင့် ၅ နေရာမှာသာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းကတော့ အဆင့် ၁၂ နေရာအထိ ပြန်လည်တက်လှမ်းပြီး ရာသီပြီးဆုံးနိုင်ခဲ့တာကို မြင်တွေ့ခဲ့ရပေမယ့် အာတီတာရဲ့ နည်းပြရာထူးအတွက် ကယ်တင်နိုင်လောက်တဲ့အနေအထားတော့မရှိတာသေချာပါတယ်။ တန်းဆင်းဇုန်မှာတော့ ဖူလ်ဟမ်၊ ရှက်ဖီး၊ ဝက်စ်ဘရွန်းတို့ ကျရောက်နေခဲ့ပြီး အာဆင်နယ်အသင်း ပရိသတ်တွေအတွက်တော့ တမျိုးစိတ်သက်သာရာရစရာ ဖြစ်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။