‌ဒေါ့မွန်အတွက် ဂိုးသွင်းယူပေးပြီး အသက်အငယ်ဆုံးဂိုးသွင်းရှင်ဖြစ်လာတဲ့ မိုကိုကို

ဒေါ့မွန်အသင်းလူငယ်ကြယ်ပွင့် မိုကိုကိုဟာ သောကြာနေ့ညက ကစားခဲ့တဲ့ ယူနီယံဘာလင်အသင်းကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဒေါ့မွန်အသင်းအတွက် တစ်လုံးတည်းသော သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီးနောက် ဘွန်ဒက်လီဂါသမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ဂိုးသွင်းရှင် ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

အသက် ၁၆ နှစ်နဲ့ ၂၈ ရက်သာ ရှိသေးတဲ့ မိုကိုကို ကို ခေါ်ယူဖို့အတွက် ဒေါ့မွန်အသင်းဟာ ဘွန်ဒက်လီဂါရဲ့စည်းမျဉ်းစည်းကမ်းအရ အသက်၁၆ နှစ်ပြည့်တဲ့အထိ စောင့်ဆိုင်းခဲ့ရပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလက ကစားခဲ့တဲ့ ဟာသာဘာလင်အသင်းကို ၅-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ လူစားဝင်ကစားခွင့်ရရှိခဲ့ပြီးနောက် ဘွန်ဒက်လီဂါသမိုင်းတစ်လျှောက်မှာ ပွဲထွက်ခွင့်ရခဲ့တဲ့ အသက်အငယ်ဆုံးကစားသမားတစ်ဦးဖြစ်လာခဲ့တာဖြစ်ပါတယ်။

မိုကိုကိုဟာ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ဒေါ့မွန်အသင်းအတွက် ပွဲထွက်ကစားသမားအဖြစ် ပထမဆုံးအကြိမ် ပွဲဦးထွက်ပါဝင်ကစားပေးခွင့်ရရှိခဲ့ပြီး ယမန်နေ့ညက ကစားခဲ့တဲ့ ယူနီယံဘာလင်နဲ့ ပွဲစဉ်မှာလည်း ပွဲထွက်ခွင့်ရရှိခဲ့ပြီးနောက် အသက် ၁၆ နှစ်နဲ့ ၂၈ ရက်မှာပဲ ကစားသမားဘဝ စံချိန်ကောင်းတစ်ခုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိဒေါ့မွန် ယူ-၁၇ အသင်းအတွက် ကစားပေးနေတဲ့ မိုကိုကိုဟာ အသက် ၁၃နှစ်အရွယ်ကတည်းက ဒေါ့မွန်လူငယ်အသင်းကို ရောက်ရှိနေခဲ့သူဖြစ်ပြီး ၎င်းထက် အသက်အရွယ်ပိုမိုကြီးရင့်တဲ့ ကစားသမားတွေထက် တည်တည်ငြိမ်ငြိမ်နဲ့ သွင်းဂိုးတွေ ပိုမိုသွင်းယူထားနိုင်ခဲ့တဲ့အတွက် ဒေါ့မွန်ပထမအသင်းလူစာရင်းမှာ မြန်မြန်ဆန်ဆန်ပဲ ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

ဒေါ့မွန်အသင်းဟာ အဓိကအားထားနေရတဲ့ တိုက်စစ်မှူး ဟာလန်း ဒဏ်ရာရနေခဲ့တဲ့အတွက် လာမယ့် ပွဲစဉ်တွေမှာလည်း မိုကိုကို ကို ပွဲထွက်ကစားခွင့်ပေးပြီး သွင်းဂိုးတွေအတွက် အားထားရတော့မှာဖြစ်ပါတယ်။