ရွေးချယ်စရာတွေရှိခဲ့ပေမယ့် ကိုင်က ယူနိုက်တက်ကိုပဲ ရွေးခဲ့တာဆိုတဲ့ ၀ိန်းရူနီ

မန်ချက်စတာယူနိုက်တက်တသက်တာထိပ်တန်းဂိုးသွင်းရှင် ၀ိန်းရူနီက ၎င်းရဲ့သား ကိုင်ရူနီက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရပြီး အခြားအသင်းတွေကလည်း ခေါ်ယူဖို့ ကြိုးပမ်းခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အသက် ၁၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကိုင်ရူးနီဟာ ယခုအပတ်အစောပိုင်းက အိုးထရက်ဖို့ဒ်မှာ လူငယ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး ဖခင်ဖြစ်သူ ၀ိန်းရူနီက သားဖြစ်သူအနေနဲ့ အခြားတစ်နေရာရာကိုလည်း သွားလို့ ရနိုင်ခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက် ယူ-၁၁ ကစားသမားသစ်ဖြစ်တဲ့ ကိုင်ရူနီဟာ ၎င်းရဲ့ မိဘတွေဖြစ်တဲ့ ၀ိန်းရူနီ၊ ကောလင်းတို့နဲ့အတူ မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်ချုပ်ဆိုနေတဲ့ဓာတ်ပုံကို မိခင်ဖြစ်သူ ကောလင်းရူနီက အင်စတာဂရမ်မှာ မျှဝေခဲ့တာဖြစ်ပါတယ်။

ကိုင်ရူနီက ကျောနံပါတ် ၁၀ နဲ့ မန်ချက်စတာယူနိုက်တက်ရှပ်ကို ကိုင်မြှောက်ထားခဲ့တဲ့ပုံကိုလည်း မြင်တွေ့ခဲ့ရတာဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာ တောက်ပတဲ့ကစားသမားဘဝကာလအတွင်း ဖခင်ဖြစ်သူ ၀ိန်းရူနီဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဒါဘီကောင်တီအသင်းရဲ့ ယာယီနည်းပြဖြစ်တဲ့ ၀ိန်းရူနီက သောကြာနေ့မှာ သားဖြစ်သူအတွက် ဂုဏ်ယူဝမ်းမြောက်မိကြောင်းနဲ့ အခြားအသင်းတွေက ခေါ်ယူဖို့ ချဉ်းကပ်ခဲ့တာတွေ ကြုံခဲ့ရတဲ့အကြောင်းကို ပြောပြခဲ့ပါတယ်။

“ဟုတ်ပါတယ်။ ဖခင်တစ်ယောက်အနေနဲ့ ဂုဏ်ယူမိပါတယ်။ သူ အရမ်းအလုပ်ကြိုးစားခဲ့တယ်။ သူ ဘောလုံးဆက်ကစားနိုင်ဖို့အတွက် ကျွန်တော်တို့နဲ့အတူ အမေရိကားကို လိုက်လာခဲ့ပါတယ်”

“သူ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အစမ်းသဘော လေ့ကျင့်ရေးဆင်းခဲ့ပြီး နည်းပြတွေကို အထင်ကြီးအောင် လုပ်ပြနိုင်ခဲ့ပါတယ်။ သူ့ရဲ့ စာချုပ်ကို မနေ့က လက်မှတ်ထိုးနိုင်ခဲ့တဲ့အတွက် သူ့အတွက် ကျွန်တော် ဝမ်းမြောက်မိပါတယ်”

“သူ့မှာ တခြားရွေးချယ်စရာတွေရှိခဲ့ပါတယ်။ သွားစရာ တခြားအသင်းတွေရှိခဲ့ပါတယ်။ ဒါပေမယ့် သူ မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်ချုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီတော့ ဒါက သူ့ရဲ့ဆုံးဖြတ်ချက်ပဲဖြစ်ပြီး ကျွန်တော့်ဆုံးဖြတ်ချက်မဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။