ယူနိုက်တက်နဲ့ လိဒ်စ်ပွဲမှာ ဂိုးမိုးရွာဦးမယ်လို့ ဟောကိန်းထုတ်လိုက်တဲ့ ဘာဘာတော့ဗ်

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ဒီမီတာဘာဘာတော့ဗ်က တနင်္ဂနွေနေ့ညနေမှာ တွေ့ဆုံယှဉ်ပြိုင်ကစားသွားမယ့် ယူနိုက်တက်နဲ့ လိဒ်စ်တို့ပွဲစဉ်မှာ သွင်းဂိုးတွေ မြိုင်မြိုင်ဆိုင်ဆိုင် မြင်တွေ့ရလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ရှက်ဖီးယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာ ထက်မြက်တဲ့တိုက်စစ်နဲ့အတူ သွင်းဂိုး ၃ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး အဝေးကွင်း ၁၀ ပွဲဆက်နိုင်ပွဲကို ရရှိခဲ့တာဖြစ်ပါတယ်။ လိဒ်စ်ယူနိုက်တက်အသင်းကလည်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က နယူးကာဆယ်အသင်းကို အိမ်ကွင်းမှာ ၅-၂ နဲ့ ဂိုးပြတ်အနိုင်ယူထားပြီး အကောင်းဆုံးပုံစံမှာ ရှိနေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အိမ်ကွင်းမှာ နိုင်ပွဲမရတာ တစ်လနီးပါးခန့် ကြာမြင့်နေပြီဖြစ်ပြီး ပြီးခဲ့တဲ့နိုဝင်ဘာလ ၂၁ ရက်နေ့က ဝက်စ်ဘရွန်းအသင်းကို ဘရူနိုဖာနန်ဒက်စ်ရဲ့ တစ်လုံးတည်းသော ပင်နယ်တီသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

လိဒ်စ်ယူနိုက်တက်အသင်းဟာ တိုက်စစ်ကို ရဲရဲဝံ့ဝံ့လိုက်ပါကစားတတ်တဲ့အသင်းဖြစ်တာကြောင့် ယူနိုက်တက်အတွက် တန်ပြန်တိုက်စစ်ဆင်ဖို့ နေရာလွတ်တွေရရှိလိမ့်မယ်လို့ ဘာဘာတော့ဗ်က ယုံကြည်နေပြီး ၂ သင်းစလုံး ဂိုးတွေအပြန်အလှန်သွင်းယူကြလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့တာဖြစ်ပါတယ်။

“ယူနိုက်တက်အတွက် နောက်ထပ်တကယ်ကို အရေးပါတဲ့ပွဲစဉ်ပါ။ ဘာလို့လဲဆိုတော့ လိဒ်စ်က တစ်ချက်ထိကစားပြီး တိုက်စစ်ကို ရဲရဲဝံ့ဝံ့ တက်ကစားတတ်တဲ့အသင်းဖြစ်နေတဲ့အတွက် ယူနိုက်တက်အတွက် သူတို့ရဲ့လျင်မြန်တဲ့မြန်နှုန်းနဲ့ တန်ပြန်တိုက်စစ်ဆင်ကစားပြီး ပြဿနာဖြစ်စေနိုင်မယ့် နေရာလွတ်တွေရှိလိမ့်မယ်လို့ ကျွန်တော် ထင်လို့ပါ။ ဒါပေမယ့် လိဒ်စ်ကတော့ သူတို့ ဘယ်အသင်းနဲ့ကစားနေရတယ်ဆိုတာကို ဂရုစိုက်မှာမဟုတ်ဘဲ ပွဲကိုပဲ အာရုံစိုက်မှာပါ။ ကျွန်တော် ဒီပွဲမှာတော့ သွင်းဂိုးတွေအများကြီး မြင်ရမယ်လို့ ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။