လီဗာပူးပရိသတ်တစ်ဦးရဲ့အဖိုးအတွက် ရည်စူးပြီး ဂိုးအောင်ပွဲခံခဲ့တဲ့ မာနေး

ဆာဒီယိုမာနေးဟာ ပရိသတ်တစ်ဦးနဲ့ ကောင်းမွန်တဲ့ စကားစမြည်ပြောဆိုမှု ပြုလုပ်ခဲ့ပြီး ခရစ်စတယ်ပဲလေ့စ်နဲ့ပွဲစဉ်မှာ ဂိုးသွင်းယူပြီး ပရိသတ်ရဲ့အဖိုးဖြစ်သူအတွက် ရည်ရွယ်ပြီး အောင်ပွဲခံခဲ့ပါတယ်။

လီဗာပူးအသင်းဟာ စနေနေ့ညနေမှာ ခရစ်စတယ်ပဲလေ့စ်အသင်းကို ၎င်းတို့ရဲ့ ကောင်းမွန်တဲ့ပုံစံပြသပြီး ၇-၀ နဲ့ အနိုင်ယူခဲ့တာဖြစ်ပြီး ရွိုင်းဟော့ဒ်ဆန်ရဲ့ မျက်နှာမှာတောင် အပြုံးတွေ ကျန်ရစ်စေခဲ့တာဖြစ်ပါတယ်။ မိုဟာမက်ဆာလာရဲ့ နောက်ဆုံးသွင်းဂိုးက ရွိုင်းဟော့ဒ်ဆန်အတွက် ရွေးချယ်စရာမရှိဖြစ်စေခဲ့တာကြောင့် ပြုံးရုံသာ တတ်နိုင်ခဲ့ပြီး မာနေးရဲ့ သွင်းဂိုးကတော့ အားလုံးရဲ့ အာရုံစိုက်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။

ဆီနီဂေါလက်ရွေးစင်တိုက်စစ်မှူးဟာ ၎င်းရဲ့လက်ကို အနမ်းပေးပြီးနောက် ကောင်းကင်ကို ညွှန်ပြခဲ့ပြီး တစ်စုံတယောက်အတွက် ရည်ညွှန်းပြီး အောင်ပွဲခံခဲ့တယ်ဆိုတာ ခန့်မှန်းလို့ရပေမယ့် ဘယ်သူ့အတွက်လဲဆိုတော့တော့ မသိနိုင်ခဲ့ပါဘူး။ လီဗာပူး Podcast ဖြစ်တဲ့ The Anfield Wrap က မာနေး ဘယ်သူ့အတွက် ရည်ရွယ်ပြီး အောင်ပွဲခံခဲ့လဲဆိုတာကို ထုတ်ဖော်ပြောကြားခဲ့ပြီး ပရိသတ်တစ်ဦးနဲ့ ဗီဒီယိုချက်ပြောထားတဲ့ ဗီဒီယိုဖိုင်ကြောင့် အဖြေပေါ်ခဲ့တာဖြစ်ပါတယ်။

ဆာဒီယိုမာနေးဟာ ပရဟိတလုပ်အားပေးတစ်ဦးဖြစ်တဲ့ လီနဲ့ စကားပြောဆိုခဲ့ရာမှာ ၎င်းအနေနဲ့ အောင်ပွဲခံပုံကို အတုလိုက်ခိုးချင်တယ်လို့ ပြောကြားခဲ့တာကြောင့် လီက ၎င်းရဲ့အဖိုးအတွက် အောင်ပွဲခံပုံကို ပြသပေးခဲ့တာဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ မာနေးနဲ့ လီတို့ စကားပြောထားတဲ့ ဗီဒီယိုဖိုင်ကို နိုဝင်ဘာလကုန်မှာ မျှဝေခဲ့တာဖြစ်ပြီး ယင်းအချိန်ကတည်းက အသက် ၂၈ နှစ်အရွယ်တိုက်စစ်မှူးဟာ ယင်းအောင်ပွဲခံပုံအတိုင်း လုပ်ဖို့ ပြောကြားခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ထူးဆန်းစွာနဲ့ပဲ လီဗာပူးတိုက်စစ်မှူးဟာ ဂိုးသွင်းရှင်စာရင်းမှာ အချိန်အတော်ကြာ ပါဝင်နိုင်ခြင်းမရှိခဲ့ဘဲ စနေနေ့ညနေမှသာ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် လီကို ပြောထားတဲ့စကားအတိုင်း မပျက်မကွက် အောင်ပွဲခံပြခဲ့တာဖြစ်ပါတယ်။