ပြိုင်ဘက်ကစားသမားကို တံတွေးနဲ့ထွေးလို့ အထုတ်ခံခဲ့ရတဲ့ သူရမ်

ပြင်သစ်ကမ္ဘာ့ဖလားချန်ပီယံဂန္တဝင်နောက်ခံကစားသမား လီလီယန်သူရမ်ရဲ့သားဖြစ်သူ မိုချန်ဂလတ်ဘတ်တိုက်စစ်မှူး မားကပ်စ်သူရမ်ဟာ စနေနေ့က ပြိုင်ဘက်ကစားသမားကို တံတွေးနဲ့ ထွေးခဲ့တဲ့အတွက် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။

အသက် ၂၃ နှစ်အရွယ်တိုက်စစ်မှူးဟာ ဟောဖန်ဟိမ်းကစားသမား စတီဖန်ပေါ့ချ်ကို တံတွေးနဲ့ ထွေးခဲ့ပြီး ကွင်းလယ်ဒိုင်က ယင်းဖြစ်စဉ်ကို VAR နဲ့ ပြန်လည်စစ်ဆေးခဲ့ပြီးနောက် ပြစ်ဒဏ်ကျူးလွန်ခဲ့ကြောင်း တွေ့ရှိရတဲ့အတွက် ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ မိုချန်ဂလတ်ဘတ်အသင်းဟာ တစ်ယောက်လျော့နဲ့ ကစားခဲ့ရတဲ့အတွက် ဟော်ဖန်ဟိမ်းအတွက် အခွင့်အရေးကောင်းရရှိခဲ့ပြီး ၂-၁ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

မိုချန်ဂလတ်ဘတ်အသင်းက ပထမပိုင်းကို လားစ်စတင်ဒယ်ရဲ့ပင်နယ်တီသွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပေမယ့် ၇၅ မိနစ်မှာ လက်စတာစီးတီးကစားသသမားဟောင်း ခရာမာရစ်က ဟော့ဖန်ဟိမ်းအတွက် ချေပဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။ သူရမ်နဲ့ ပေါ့ချ်တို့ဟာ ကွင်းအတွင်းမှာ စကားများနေကြတဲ့အချိန်မှာ သူရမ်က တံတွေးနဲ့ မျက်နှာကို လှမ်းထွေးခဲ့တာဖြစ်ပြီး ပေါ့ချ်က ဘာမှ မတုံ့ပြန်ခဲ့ပေမယ့်လည်း ကွင်းလယ်ဒိုင်က အချင်းများမှုမှာ ပါဝင်ခဲ့တဲ့အတွက် အဝါကတ်ပြားပြသသတိပေးခဲ့ပါတယ်။

ဟော်ဖန်ဟိမ်းအသင်းဟာ လက်ကျန် ၁၀ မိနစ်ကို တစ်ယောက်အသာနဲ့ ဆက်လက်ယှဉ်ပြိုင်ကစားခွင့် ရရှိခဲ့ပြီးနောက် ၈၆ မိနစ်မှာ ရိုင်ယန်ဆီဆက်နွန်က ဟော့ဖန်ဟိမ်းအသင်းအတွက် အဖိုးတန်အဝေးကွင်းအနိုင် ၃ မှတ်ရရှိစေမယ့် နောက်ကျအနိုင်ဂိုးကို သွင်းယူပေးသွားခဲ့ပြီး ၂-၁ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။