စံချိန်လိုက်မီခဲ့တဲ့ မက်ဆီကို လေးစားပါတယ်လို့ ပြောလိုက်တဲ့ ပီလီ

ပီလီရဲ့တစ်သင်းတည်းအတွက် ဂိုးအများဆုံးသွင်းယူထားတဲ့စံချိန်ကို လိုက်မီခဲ့ပြီးနောက် ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ဘရာဇီးလ်ဂန္တဝင်တိုက်စစ်မှူးကြီးရဲ့ ဂုဏ်ပြုစကားပြောကြားခြင်းကို ခံခဲ့ရပါတယ်။

ဘရာဇီးလ်ဂန္တဝင် ပီလီက ၎င်းရဲ့ တစ်သင်းတည်းအတွက် ဂိုးအများဆုံးသွင်းယူထားတဲ့စံချိန်ကို အာဂျင်တီးနားကြယ်ပွင့်က လိုက်မီခဲ့တဲ့အတွက် ဂုဏ်ပြုခဲ့ပြီး လီယွန်နယ်မက်ဆီကို ချစ်ခင်လေးစားမိတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ လီယွန်နယ်မက်ဆီဟာ စနေနေ့က အိမ်ကွင်းမှာ ဗလင်စီယာအသင်းနဲ့ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်အတွင်း ဘာစီလိုနာအသင်းအတွက် ၆၄၃ ဂိုးမြောက် သွင်းဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဘလွန်းဒီအော် ၆ ဆုရှင်ဟာ ၁၉၅၆ ခုနှစ်ကနေ ၁၉၇၄ ခုနှစ်ကြား ဆန်းတို့စ်အသင်းအတွက် ၆၅၆ ပွဲသာ ကစားပြီး ၆၄၃ ဂိုးအထိ အံ့အားသင့်ဖွယ် သွင်းယူနိုင်ခဲ့တဲ့ ပီလီရဲ့ ဂိုးသွင်းစံချိန်နဲ့ တူညီသွားခဲ့တာဖြစ်ပြီး လူအများစုက ဘောလုံးသမိုင်းတလျှောက် အကောင်းဆုံးကစားသမားအဖြစ် မှတ်ယူခြင်းခံထားရတဲ့ ပီလီက အင်စတာဂရမ်မှာ မက်ဆီကို ဂုဏ်ပြုတဲ့အနေနဲ့ ပို့စ်တင်ခဲ့တာဖြစ်ပါတယ်။

“ခင်ဗျားရဲ့နှလုံးသားက အချစ်တွေနဲ့ စီးမျောနေတဲ့အချိန်မှာ ခင်ဗျားရဲ့လမ်းကြောင်းကို ပြောင်းလဲပစ်ဖို့ ခက်ခဲပါတယ်”

“ခင်ဗျားလိုပဲ နေ့တိုင်း တူညီတဲ့ရှပ်ကို နှစ်သက်စွာ ဝတ်ဆင်ရတာက ဘာနဲ့တူလဲဆိုတာ ကျွန်တော် သိပါတယ်။ ခင်ဗျားလိုပဲ ကျွန်တော်တို့ အိမ်လို့ ခံစားရတဲ့နေရာထက် ပိုကောင်းတဲ့နေရာမရှိတော့ဘူးဆိုတာ ကျွန်တော် သိပါတယ်”

“ခင်ဗျားရဲ့ သမိုင်းဝင်စံချိန်အတွက် ဂုဏ်ပြုပါတယ် လီယွန်နယ်။ အဲဒါတွေအားလုံးထက် ဘာစီလိုနာအသင်းက ခင်ဗျားရဲ့ လှပတဲ့ကစားသမားဘဝကို ဂုဏ်ပြုပါတယ်။ တူညီတဲ့ကလပ်အသင်းကို အချိန်ကာလကြာမြင့်တဲ့အထိ ချစ်ခင်မြတ်နိုးကြတဲ့ ကျွန်တော်တို့ရဲ့ ဇာတ်လမ်းတွေက ဘောလုံးလောကမှာ ကံဆိုးစွာနဲ့ ရှားပါးလာနေပါပြီ”

“ခင်ဗျားကို အရမ်းလေးစားပါတယ် လီယိုမက်ဆီ”လို့ ရေးသားခဲ့ပါတယ်။