အိုဇေးလ်ကို ပြန်မခေါ်ရင် အမှတ်ပေးဇယားအပေါ်ပြန်တက်နိုင်မှာမဟုတ်တော့ဘူးဆိုတဲ့ ရက်က်နက်

Sky Sports အားကစားဝေဖန်သူ ဂျေမီရက်က်နက်က အာဆင်နယ်အနေနဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအပေါ်ကို စတင်တက်ရောက်ချင်တယ်ဆိုရင် အိုဇေးလ်ကို ပြန်ထည့်သုံးမှရမယ်လို့ ယုံကြည်နေပါတယ်။

အာဆင်နယ်အသင်းဟာ အင်္ဂါနေ့ညနေမှာ မန်ချက်စတာစီးတီးအသင်းကို ကရာဘောင်ဖလား ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး စနေနေ့ညနေမှာ အဲဗာတန်အသင်းကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက် နောက်ဆုံးပရီးမီးယားလိဂ် ၅ ပွဲမှာ ၄ ပွဲအထိ ရှုံးနိမ့်ထားခဲ့ပြီဖြစ်ပါတယ်။

ရော့ဘ်ဟိုးဒင်းရဲ့ ကိုယ့်ဂိုးကိုယ်ပြန်သွင်းယူမိတဲ့သွင်းဂိုး၊ အသင်းခေါင်းဆောင်တိုက်စစ်မှူး အူဘာမီယန်း ဒဏ်ရာကြောင့် ပါဝင်နိုင်ခြင်းမရှိမှုတို့က အာဆင်နယ်အသင်းအတွက် ပေးဆပ်မှုကြီးမားသွားစေခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်ဖွင့်ဖို့ကလည်း ၂ ပတ်လောက်သာလိုတော့တာဖြစ်ပြီး အာဆင်နယ်အသင်းအနေနဲ့ တိုက်စစ်ပါရမီရှိတဲ့ကစားသမားသစ်တွေ လိုအပ်နေတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ရက်က်နက်က အာတီတာအနေနဲ့ လာမယ့်ဇန်နဝါရီလမှာ အိုဇေးလ်ကို ပဏာမ ၂၅ ဦးလူစာရင်းထဲမှာ ပြန်ထည့်မှဖြစ်တော့မယ်လို့ ယုံကြည်နေပြီး အခုလို အခက်အခဲတွေနဲ့ရုန်းကန်နေရတဲ့အချိန်မှာ ဂျာမန်ကွင်းလယ်ကြယ်ပွင့်ကို လူစာရင်းထဲ ပြန်ထည့်ဖို့ဆိုတာ အများကြီးစဉ်းစားစရာတောင်လိုတဲ့ကိစ္စမဟုတ်ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“နောက်ထပ်တစ်ကြိမ် ဘာမှ ဖန်တီးနိုင်စွမ်းမရှိခဲ့ပါဘူး။ ဒုတိယပိုင်းမှာ ဂိုးပေါက်ကန်သွင်းနိုင်ခဲ့တာမျိုး မရှိပါဘူး။ ကျွန်တော် နည်းပြအတွက် ခံစားပေးနိုင်ပါတယ်။ သူ့မှာ သောမတ်စ်ပါတေးကို ထည့်သွင်းအသုံးပြုလို့ မရခဲ့ဘူး”

“သူတို့ သူ့ကို ကွင်းလယ်မှာ ပြန်ရတဲ့အချိန်ကျရင် တိုက်စစ်မှာ အူဘာမီယန်း၊ နောက်တန်းမှာ ဂက်ဘရီရယ်ရှိမယ်။ သူတို့ တန်းဆင်းရမယ့်ပြဿနာရှိလာတော့မှာမဟုတ်တော့ပါဘူး။ သူတို့တွေ တိုးတက်လာပါလိမ့်မယ်”

“အခုအချိန်မှာတော့ ဒီလိုပွဲမျိုးတွေမှာ အခွင့်အရေးမဖန်တီးနိုင်ဘူး။ ကောင်းသင့်သလောက် မကောင်းခဲ့ပါဘူး”

“သူတို့မှာ အရည်အသွေးနည်းပါးနေပုံပေါ်ပါတယ်။ ကျွန်တော် ဒေးဗစ်လုဇ်ကို ကြည့်လိုက်တယ်။ သူ အကောင်းဆုံးဖြစ်ခဲ့တဲ့အချိန်တုန်းပေါ့။ သူက အကောင်းဆုံးထဲက တစ်ယောက်ပါ။ ဒါပေမယ့် သူ အခုအချိန် သိပ်မကောင်းတော့တဲ့အခါမှာ သူ့ကိုယ်သူပဲ ဂရုစိုက်နိုင်ပြီး အဲဒါက တခြားကစားသမားတွေကို သွားပြီး ရိုက်ခတ်တာကို ခင်ဗျား မြင်နိုင်ပါတယ်။ အဲဒါက အကုန်လုံးဆီကို ကူးစက်သွားပါတယ်”

“အခုအချိန် အသင်းမှာ ပြဿနာတွေ အများကြီးရှိနေတာကြောင့် ဘယ်ပြဿနာဆိုတာကို ခင်ဗျား လက်ညှိုးထိုးဖို့တောင် ခက်မှာပါ။ လူတွေက ဇန်နဝါရီမှာ အိုဇေးလ်ကို ပြန်ခေါ်သင့်လားဆိုတဲ့အကြောင်း ပြောနေကြတယ်။ ကျွန်တော့်အတွက်ကတော့ ခေါ်ကို ခေါ်ရမှာပေါ့။ အဲဒါက စဉ်းစားနေစရာတောင် မလိုပါဘူး”

“သူတို့တွေ ဘာအခွင့်အရေးမှ မဖန်တီးနိုင်ဘူး။ ခင်ဗျား အခွင့်အရေးဖန်တီးနိုင်ခဲ့ပြီး ပွဲရှုံးခဲ့ရင် ခင်ဗျား သူ့ကို မခေါ်နဲ့လို့ ကျွန်တော် ပြောမှာပါ။ ဒါပေမယ့် ဘန်လေအသင်းနဲ့ ကစားခဲ့တဲ့နေ့တုန်းက သူတို့တွေ အူဘာမီယန်းလိုမျိုး ကစားသမားအတွက် တိကျတဲ့ပေးပို့မှုမျိုးလုပ်နိုင်တဲ့ တစ်စုံတယောက်ကို လိုအပ်နေခဲ့ပါတယ်”

“တစ်ခါတလေ ဘဝမှာ ကံဆိုးမိုးမှောင်ကျမှုတွေကို လက်မခံချင်လည်း လက်ခံရတာပဲ။ ‘ဟုတ်ပြီ၊ ဒါက အလုပ်မဖြစ်ဘူး’ဆိုပြီးပေါ့။ ဒါပေမယ့် ခင်ဗျား သူ့ကို သုံးလို့ရနေတဲ့အချိန်မှာတော့ သုံးသာသုံးလိုက်ပါ။ အဲဒီတော့ ဆိုလိုချင်တာက ဘာများရှိဦးမှာလဲ”လို့ ပြောကြားခဲ့ပါတယ်။