မယုံနိုင်ဖွယ် ဂိုးစည်းပေါ်က ဖျက်ထုတ်မှုကြောင့် ချီးကျူးခံနေရတဲ့ လူကာကူ

ဘယ်လ်ဂျီယံလက်ရွေးစင်တိုက်စစ်မှူး လူကာကူဟာ အင်္ဂလန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ တနင်္ဂနွေနေ့ညက နေးရှင်းလိဂ်ပွဲစဉ်မှာ ဟယ်ရီကိန်းရဲ့ ခေါင်းတိုက်ဂိုးသွင်းယူမှုကို ဂိုးစည်းပေါ်ကနေ ရှင်းထုတ်နိုင်ခဲ့ပါတယ်။

ဘယ်လ်ဂျီယံအသင်းဟာ ပထမပိုင်းအစောပိုင်းမှာပဲ ယူရီတီရယ်မန်းစ်ရဲ့ အဖွင့်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် အင်္ဂလန်အသင်းက ချက်ချင်းဆိုသလိုပဲ ချေပဂိုး ပြန်လည်သွင်းယူနိုင်ဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

ကီရန်ထရစ်ပီယာက ထောင့်ကန်ဘောကနေ ဖြတ်တင်ပေးလိုက်တဲ့ဘောလုံးကို ဟယ်ရီကိန်းက ဂိုးပေါက်ထဲကို ခေါင်းတိုက်သွင်းယူခဲ့ရာမှာ ဘယ်လ်ဂျီယံဂိုးသမား ကော်တိုရစ်ကို ကျော်ဖြတ်နိုင်ခဲ့ပေမယ့် တိုက်စစ်မှူးလူကာကူက ဂိုးစည်းပေါ်ကနေ သတိရှိရှိနဲ့ ခေါင်းတိုက်ဖျက်ထုတ်ခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေဟာ တီရယ်မန်းစ်ရဲ့ အဖွင့်ဂိုးအတွက် ဂိုးဖန်တီးမှု ပြုလုပ်ခဲ့ပြီးကတည်းက လူကာကူရဲ့ စွမ်းဆောင်ရည်ကို နှစ်သက်ခဲ့ကြတာဖြစ်ပြီး အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ အင်္ဂလန်နဲ့ပွဲမှာ ကြီးမားတဲ့အကျိုးသက်ရောက်မှု ပြုလုပ်နိုင်ခဲ့တယ်လို့ ထင်မြင်ခဲ့ကြတာဖြစ်ပါတယ်။

၂၄ မိနစ်မှာ ဘယ်လ်ဂျီယံအသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို ဒရိုင်းမာတန်က သွင်းယူခဲ့ပြီး အင်္ဂလန်အသင်းက ချေပဂိုးတွေ ပြန်လည်မသွင်းယူနိုင်ခဲ့တာကြောင့် ၂-၀ နဲ့သာ ပွဲပြီးဆုံးသွားခဲ့တဲ့အတွက် နေးရှင်းလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။

“လူကာကူနဲ့ ဝေါ်ကာတို့က ဒီ ကွင်းထဲမှာတော့ အကောင်းဆုံးဂိုးသမားတွေပဲ”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး အခြားပရိသတ်တစ်ဦးကလည်း “လူကာကူက သူ ဂိုးမသွင်းနိုင်တဲ့အခါမှာ ဂိုးဖန်တီးပေးတယ်။ ပြီးပြည့်စုံတဲ့တိုက်စစ်မှူးပဲ”လို့ ချီးကျူးခဲ့ပါတယ်။