မက်တွန်မီနေး ဆံပင်ကေပြောင်းထားလို့ ပိုကောင်းလာတာလို့ ဟာသဖောက်ခဲ့တဲ့ ရွိုင်ကိန်း

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမားဟောင်း ရွိုင်ကိန်းက လိဒ်စ်ယူနိုက်တက်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ ယခုရာသီ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပရီးမီးယားလိဂ်ဖလားရည်မှန်းချက်နဲ့ပတ်သက်ပြီး ခန့်မှန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ၁၆ နှစ်အကြာမှ ပရီးမီးယားလိဂ်မှာ ပြန်လည်ဆုံတွေ့ရတဲ့ ပြိုင်ဘက်ဟောင်းနဲ့ပွဲစဉ်မှာ ယခုရာသီရဲ့ အကောင်းဆုံးစွမ်းဆောင်မှုကို ပြသခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ မာဆယ်လိုဘီအယ်ဆာရဲ့ တိုက်စစ်အလွန်အားသန်တဲ့ လိဒ်စ်ယူနိုက်တက်ကို ၆-၂ နဲ့ အနိုင်ယူပြီး အမှတ်ပေးဇယား တတိယနေရာကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက မန်ချက်စတာယူနိုက်တက်ဟာ တစ်ပွဲလျော့နေတဲ့အချိန်မှာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့လီဗာပူးအသင်းနဲ့ ၅ မှတ်အကွာမှာ ရပ်တည်နေတာဖြစ်တဲ့အတွက် ၎င်းရဲ့အသင်းဟောင်းဟာ လက်ရှိချန်ပီယံအသင်းအတွက် အကြီးမားဆုံးခြိမ်းခြောက်မှုဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းပြောဆိုခဲ့တာဖြစ်ပါတယ်။

ရွိုင်ကိန်းဟာ များသောအားဖြင့် စိတ်ကြည်ကြည်သာသာရှိတတ်တဲ့သူမဟုတ်ပေမယ့်လည်း မက်တွန်မီနေးရဲ့ ဆံပင်ပုံစံအသစ်က ၎င်းရဲ့အကောင်းဆုံးစွမ်းဆောင်ရည်ကို ရရှိစေခဲ့တာဖြစ်တယ်လို့တောင် ဟာသဖောက်ခဲ့တာဖြစ်ပါတယ်။

“စကော့မက်တွန်မီနေးက ရင့်ကျက်လာပါပြီ။ ကျွန်တော် သူ့ကို တကယ်နှစ်သက်ပါတယ်။ သူ့ရဲ့ဆံပင်ကေကိုတောင် ကျွန်တော် နှစ်သက်ပါတယ်။ သူ့ရဲ့ဆံပင်ကေက သူ့ကို ပိုပြီးထက်မြက်အောင်လုပ်ပေးခဲ့တာလို့ ကျွန်တော် ထင်ပါတယ်”

“သူ့အတွက် ပြီးပြည့်စုံတဲ့ပွဲစဉ်ဖြစ်ခဲ့ပါတယ်။ သူ့ပုံစံကို ကျွန်တော် နှစ်သက်မိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။