ဂျက်ဂရီးလစ်ရှ်ကို ကျော်ဖြတ်ပြီး တစ်နှစ်တာအကောင်းဆုံးကစားသမားဆုရခဲ့တဲ့ ဆာလာ

လီဗာပူးကြယ်ပွင့်တိုက်စစ်မှူး မိုဟာမက်ဆာလာဟာ ဗြိတိန်သတင်းစာဖြစ်တဲ့ Reach Plc က ပေးအပ်တဲ့ ပရိသတ်တွေရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တယ်လို့ သိရပါတယ်။

မိုဟာမက်ဆာလာဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၃၁ ပွဲမှာ သွင်းဂိုး ၂၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၉ ကြိမ်ပြုလုပ်နိုင်ခဲ့ပြီးနောက် ၂၀၂၀ ခုနှစ်အတွက် ပရိသတ်တွေရွေးချယ်တဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ အက်စ်တွန်ဗီလာကြယ်ပွင့် ဂျက်ဂရီးလစ်ရှ်ဟာ ဒုတိယမြောက် မဲအများဆုံးရရှိတဲ့ကစားသမားအဖြစ်နဲ့ မိုဟာမက်ဆာလာကို ကပ်ရှုံးသွားခဲ့တာဖြစ်ပါတယ်။

ဂရီးလစ်ရှ်ဟာ ပြီးခဲ့တဲ့ရာသီမှာ အက်စ်တွန်ဗီလာအသင်းကို ပရီးမီးယားလိဂ်မှာ ဆက်လက်ရပ်တည်နိုင်အောင် ကူညီပေးခဲ့သူဖြစ်ပြီး ယခုရာသီမှာလည်း လိဂ်ပွဲစဉ် ၁၁ ပွဲမှာ သွင်းဂိုး ၅ ဂိုး၊ ဂိုးဖန်တီးမှု ၆ ကြိမ်ပြုလုပ်ပေးရင်း အံ့အားသင့်ဖွယ်ခြေစွမ်းပြသနေခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့် မိုဟာမက်ဆာလာဟာ ပြီးခဲ့တဲ့ရာသီမှာ ရွှေဖိနပ်ဆုရှင် ဂျေမီဗာဒီထက် ၄ ဂိုးသာ လျော့နည်းခဲ့တာဖြစ်ပြီး လီဗာပူးအသင်းကလည်း နှစ် ၃၀ ကြာစောင့်ဆိုင်းခဲ့ရတဲ့ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ကတော့ တတိယမြောက် မဲအများဆုံးရရှိတဲ့ ကစားသမားဖြစ်ခဲ့ပြီး PFA ရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆု၊ ပရီးမီးယားလိဂ်ရဲ့ တစ်ရာသီတာအကောင်းဆုံးကစားသမားဆုတွေရရှိခဲ့တဲ့ မန်စီးတီးကြယ်ပွင့် ဒီဘရိုင်းကတော့ အဆင့် ၄ နေရာမှာသာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။