အပိုင်အခွင့်အရေးရတာတောင် ဂိုးပေါက်ပျောက်ကောင်းနေဆဲဖြစ်တဲ့ ၀ါနာ

ချယ်ဆီးတိုက်စစ်မှူး တီမို၀ါနာဟာ ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မှာ အပိုင်အခွင့်အရေးကို လွဲချော်ခဲ့ပြီး ပြိုင်ပွဲစုံ ၉ ပွဲအထိ ဂိုးပေါက်ဆက်လက်ပျောက်ဆုံးနေခဲ့ပြီဖြစ်ပါတယ်။

ချယ်ဆီးအသင်းက တနင်္လာနေ့ည စတန်းဖို့ဘရစ်ဂျ်မှာ ဝက်စ်ဟမ်းအသင်းကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဂိုးပေါက်ရှာမတွေ့ခဲ့တာဖြစ်ပြီး ယခုရာသီ ၎င်းရဲ့ ၅ ဂိုးမြောက်သွင်းဂိုးကို သွင်းယူနိုင်မယ့် ရွှေရောင်အခွင့်အရေးကို ရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာဖြစ်ပါတယ်။ ပူလီဆစ်က ဂျာမန်တိုက်စစ်မှူးဆီ ဘောလုံးထိုးပေးခဲ့ပြီးနောက် တီမိုဝါနာက ဖေဘီယန်းစကီးဆီကို တည့်တည့်မတ်မတ် ကန်သွင်းမိခဲ့တာဖြစ်ပါတယ်။

လူမှုကွန်ရက်ပေါ်က ချယ်ဆီးအသင်းပရိသတ်တွေအပါအဝင် အခြားပရိသတ်တွေဟာ တီမိုဝါနာရဲ့ အံ့အားသင့်ဖွယ် အဆုံးသတ်ညံ့ဖျင်းမှုအတွက် မှတ်ချက်အသီးသီး ပေးခဲ့ကြပါတယ်။

လီဗာပူးပရိသတ်တစ်ဦးဖြစ်ဟန်တူတဲ့ တွစ်တာအသုံးပြုသူတစ်ဦးက “တီမိုဝါနာကို မခေါ်ယူခဲ့တာက ငါတို့အသင်း ချမှတ်ခဲ့ဖူးတဲ့ဆုံးဖြတ်ချက်တွေထဲက အကောင်းဆုံးဆုံးဖြတ်ချက်တစ်ခုပဲ”လို့ ရေးသားခဲ့ပြီး ချယ်ဆီးပရိသတ်တစ်ဦးက “ရေပေါ်ယာဉ်ပေါ်ကနေ ပြုတ်ကျရင်တောင် ၀ါနာက ရေနဲ့ထိနိုင်မှာမဟုတ်ဘူး”လို့ ရေးသားခဲ့ပါတယ်။

တီမိုဝါနာက တနင်္လာနေ့ည ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မတိုင်မီ ပရီးမီးယားလိဂ်မှာ အသားကျဖို့အတွက် ရုန်းကန်နေရကြောင်း ဝန်ခံပြောကြားခဲ့ပြီး ထင်ထားတာထက် ပိုမိုခက်ခဲတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။