ဆေးလ်ဗားရဲ့ခြေစွမ်းကို မိမိကိုယ်ကိုနဲ့ နှိုင်းယှဉ်ပြီး အံ့သြတကြီး ချီးကျူးခဲ့တဲ့ လမ်းပတ်

ဘရာဇီးလ်ဝါရင့်နောက်ခံကစားသမား သီယေဂိုဆေးလ်ဗားဟာ ဝက်စ်ဟမ်းအသင်းကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ တနင်္လာနေ့ညပွဲစဉ်မှာ ချယ်ဆီးအသင်းအတွက် သွင်းဂိုး ၁ ဂိုးသွင်းယူပေးခဲ့ပါတယ်။

ချယ်ဆီးအသင်းနည်းပြ ဖရန့်လမ်းပတ်က ၎င်းရဲ့အသင်းဆီကို သီယေဂိုဆေးလ်ဗား ယူဆောင်လာခဲ့တဲ့ အရည်အသွေးနဲ့ပတ်သက်ပြီး အံ့အားသင့်မိခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပြီး ကစားသမားဘဝတုန်းက သီယေဂိုဆေးလ်ဗားအရွယ်မှာ ဒီလိုမျိုး ခြေစွမ်းပြသနိုင်ခြင်းမရှိတော့ဘူးလို့ ပြောကြားခဲ့ပါတယ်။

သီယေဂိုဆေးလ်ဗားဟာ ပြီးခဲ့တဲ့နွေရာသီမှာ ပီအက်စ်ဂျီအသင်းကနေ ချယ်ဆီးအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ၎င်းရဲ့အတွေ့အကြုံရင့်ကျက်မှုကြောင့် ပရီးမီးယားလိဂ်မှာ အချိန်သိပ်မယူရဘဲ ချက်ချင်းအသားကျသွားခဲ့သူဖြစ်ပါတယ်။

သီယေဂိုဆေးလ်ဗားက ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ် ၁၀ မိနစ်မှာ အလွန်ကောင်းမွန်တဲ့ ခေါင်းတိုက်သွင်းဂိုးနဲ့အတူ ချယ်ဆီးအသင်းကို အနိုင် ၃ မှတ်ရရှိအောင် အဓိကအခန်းကဏ္ဍကနေ ကူညီပေးခဲ့တာဖြစ်ပါတယ်။ အသက် ၃၆ နှစ်အရွယ်နောက်ခံကစားသမားဟာ ၎င်းဟာ အသက်အရွယ်ကြီးရင့်နေပြီဖြစ်တာတောင်မှ ကောင်းကောင်းအသားကျနိုင်တဲ့ အရည်အသွေးရှိသေးကြောင်း ပြသခဲ့တာဖြစ်ပြီး နည်းပြလမ်းပတ်က အသက် ၃၆ နှစ်အရွယ်တုန်းက တည်ငြိမ်တဲ့ခြေစွမ်းပြသနိုင်ဖို့ ခက်ခဲခဲ့ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် ပရီးမီးယားလိဂ်မှာ အသက် ၃၆ နှစ်အရွယ်တုန်းက ကစားခဲ့တာ မှတ်မိပါသေးတယ်။ ကျွန်တော် သူ ကစားနေခဲ့သလိုမျိုး တစ်ပတ်ပြီးတစ်ပတ် ကောင်းကောင်းမကစားနိုင်တော့ပါဘူး”

“ကျွန်တော် အသင်းလူစာရင်းထဲမှာ ပါလိုက်၊ မပါလိုက်ဖြစ်နေခဲ့ပြီး ကျွန်တော့်ကစားသမားဘဝ အဲဒီအချိန်မှာ အဲဒါကို ခံစားခဲ့ရပါတယ်”

“သူက ထိပ်တန်းကစားသမားဆိုတာ ကျွန်တော် သိခဲ့ပါတယ်။ အချိန်အကြာကြီး ထိပ်တန်းကစားသမားဖြစ်နေခဲ့တဲ့ကစားသမားဖြစ်ပေမယ့် ခင်ဗျား ဘယ်တုန်းကမှ မကစားခဲ့ဖူးတဲ့ ပရီးမီးယားလိဂ်ရဲ့ဖိအားတွေရှိပါတယ်။ သူက အဲဒီမျှော်မှန်းချက်တွေကို ကျော်လွန်နိုင်ခဲ့ပြီး သူနဲ့အလုပ်လုပ်ရတာကို ကျွန်တော် မအံ့သြခဲ့သင့်ပါဘူး”

“ကြိုတင်ပြင်ဆင်မှု၊ ပွဲကို ဖတ်နိုင်စွမ်း၊ ခေါင်းတိုက်ရာမှာ အသာရချင်တဲ့စိတ်နဲ့ သူနဲ့ကစားတဲ့ ဘယ်သူနဲ့မဆို ယှဉ်ပြိုင်ချင်တဲ့စိတ်ရှိတဲ့သူပါ”လို့ ပြောကြားခဲ့ပါတယ်။